ပေကျင်း – နိုဝင်ဘာ(၂၃) 

တရုတ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ စက်ရုံတစ်ရုံမှာ မီးလောင်မှု ဖြစ်ပွားပြီးနောက် လူပေါင်း ၃၆ဦးသေဆုံးကာ ၂ဦးပျောက်ဆုံးနေပြီး ၂ဦးဆေးရုံတင်ထားရကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် အန်းယန် မြို့ရှိ စက်ရုံတစ်ရုံမှာ နိုဝင်ဘာ (၂၁) ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့  ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့တာပါ။

Kaixinda Trading Co Ltd ဟာ  ညနေ ၄ နာရီ ၂၂ မိနစ် အချိန်မှာ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းပေး ချက်ရရှိခဲ့တာပါ။

အဲဒီမီးလောင်မှုကြောင့် လူပေါင်း ဒါဇင်နဲ့ ချီပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သတိပေးချက်ရရှိပြီးနောက် စည်ပင်သာယာ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေကို အခင်းဖြစ်ပွားရာနေရာကို ချက် ချင်း စေလွှတ်ခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြထားပါတယ်။

“အများပြည်သူလုံခြုံရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနဲ့ လျှပ်စစ်ဓာတ်အား ပေးရေးဌာနတွေက အရေးပေါ် ကိုင်တွယ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တစ်ချိန်တည်းမှာ အခင်းဖြစ်ပွားရာနေရာဆီ အပြေးအလွှား သွားခဲ့ကြပါတယ်” လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

သေဆုံးသူနဲ့ ပျောက်ဆုံးသူ နှစ်ဦးအပြင် နောက်ထပ် လူ၂ဦးကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး “သံသယ တရားခံ” ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အာဏာပိုင်တွေက ပြော ကြား ပေမယ့်လည်း  အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောကြားခြင်းမရှိပါဘူး။

လုံခြုံရေးစံနှုန်းတွေ အားနည်းခြင်းနဲ့  အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် တရုတ်နိုင်ငံဟာ စက်မှုမတော်တဆမှုကြောင့် လူသေဆုံးမှုတွေ အဖြစ်များလေ့ရှိပါတယ်။

ဇွန်လအတွင်းကလည်း ရှန်ဟိုင်းမြို့ရှိ ဓာတုစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦးသေဆုံးပြီး ရှီယန်မြို့အလယ်ပိုင်းရှိ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရပါတယ်။

၂၀၁၉ ခုနှစ် မတ်လမှာ ရှန်ဟိုင်းမြို့ကနေ ကီလိုမီတာ ၂၆၀ ကွာဝေးတဲ့  Yancheng ရှိ ဓာတုစက်ရုံတစ်ခုမှာ  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပါတယ်။ 

လွန်ခဲ့တဲ့လေးနှစ်က တီယန်ကျင်းမြောက်ပိုင်းရှိ ဓာတုကုန်လှောင်ရုံတစ်ခုမှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး  တရုတ်နိုင်ငံရဲ့ အဆိုးရွားဆုံး စက်မှုမတော်တဆမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူပေါင်း ၁၆၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

Ref;SCMP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.