မော်လမြိုင်၊ နိုဝင်ဘာ (၂၃)

အာဏာသိမ်း စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်ရငွေကို အလုပ်လုပ်ရက် (၁) ရက်အတွင်း လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ် ရော်ဘာဈေးကွက်မှာ အရောင်းအဝယ်တွေ လုံးဝရပ်တန့်သွားပြီလို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်ရငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဈေးနှုန်း အတိုင်း အလုပ်လုပ်ရက် (၁)ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၈)ရက်နေ့မှာ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျန် (၃၅)ရာခိုင်နှုန်းကိုလည်း ပို့ကုန်တင်ပို့သူတွေအနေနဲ့ ရက်(၃၀) အတွင်း မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ သုံးစွဲခွင့်ရှိသလို တခြားသူကို လွဲပြောင်းတာတွေကိုလည်း ADလိုင်စင်ရ ဘဏ်တွေမှာ ရောင်းချတာတွေ ပြုလုပ်ရမယ်လို့ ညွှန်ကြားလာတာပါ။

စစ်ကောင်စီ ဗဟိုဘဏ် သတ်မှတ်ထားတဲ့ ပို့ကုန်တွေထဲမှာတော့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေ ပါဝင်လာပြီး အဲဒီညွှန်ကြားချက်ဟာ နိုဝင်ဘာ (၂၁)ရက်နေ့က စပြီး အကြုံးဝင်မယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကြောင့် ရော်ဘာကဏ္ဍမှာ အရောင်းအဝယ် လုံးဝနီးပါး ရပ်တန့်သွားခဲ့သလို ကုန်သည်တွေဘက်ကလည်း ဝယ်ယူတာ မရှိတော့ဘူးလို့ ရော်ဘာစက်ရုံ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ RSS1 အဆင့်မြင့် ရော်ဘာစက်ရုံတွေက ထုတ်တဲ့ စက်ရုံရော်ဘာတွေက လုံးဝ အရောင်း အဝယ် မရှိဘူး။ အဓိကကတော့ ကျွန်တော်တို့ (၆၅) (၃၅) ဂယက်ပေါ့။ ဒီ Exportကုန်တွေမှာ သူတို့က အထုတ်မှာ ကျွန်တော်တို့ သင်္ဘောတင်တဲ့ နေရာမှာဒေါ်လာနဲ့ သတ်မှတ်ပြီးရင်တော့ ဒါ(၆၅)တော့ သူတို့ ယူမယ်လေ၊ (၂၁၀၀)နဲ့ အမ်းမှာပေါ့ဗျာ။ (၃၅)သာလျှင် ကျွန်တော်တို့ ကုန်သည်တွေက ဟို(၃၀၀၀)တို့ ပေါက်ဈေးနဲ့ ရမှာပေါ့။ အဲဒီ ဈေးနှုန်းနဲ့ဆိုတော့ ကုန်သည်တွေက သူတို့လည်း မကိုက်တော့ဘူးလေ။ ဗဟိုဘဏ်ရဲ့ မူဝါဒ (၆၅) (၃၅) ကိစ္စက မကိုက်တော့ ကုန်သည်တွေက မဝယ်နိုင်ဘူးဗျာ။ မဝယ်တဲ့အခါကျတော့ တောင်သူတွေမှာ လာပြီးတော့ ဝန်ပိတာပေါ့။ ဈေးနှုန်းဒီလောက် ကျနေတာတောင်မှ ကုန် သည်တွေ မဝယ်နိုင်သေးဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ ညွှန်ကြားချက်ကြောင့် ရော်ဘာ ဆက်တိုက်ကျဆင်းလာသလို ကုန်သည်နဲ့စက်ရုံတွေက အစ ဝယ်ယူမှု မရှိတော့တာကြောင့် ရော်ဘာပေါက်ဈေးကိုပင် ဈေးမဖွင့်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကလည်း စစ်ကောင်စီ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍ အခြေအနေ ပိုမိုဆိုးရွားလာနိုင်သလို ငွေရေးကြေးရေးတွေပါ ကျပ်တည်းလာနိုင်တယ်လို့ သုံးသပ်တာပါ။

“(၆၅) ရာခိုင်နှုန်း (၃၅)ရာခိုင်နှုန်း အဲဒီလိုမျိုး ကြားတာပေါ့နော်။ဥပမာ ဒေါ်လာ (၁၀၀) ဝင်လို့ ရှိရင် (၆၅) ရာခိုင်နှုန်းက ဘဏ်ထဲဝင်မှာပေါ့။ (၃၅) ရာခိုင်နှုန်းက အပြင်ပိုင်းမှာပေါ့။ အဲဒီလို (၆၅) (၃၅) အပေါ်မှာ (၆၅)ကျတော့ အစိုးရသတ်မှတ်တဲ့ ဈေးနဲ့ ဒေါ်လာလဲရမှာပေါ့၊။(၃၅)ကျတော့ အပြင်မှာ လွတ်လပ်စွာလဲခွင့် ရှိတယ်လို့ ကြားတာပေါ့လေ။ အဲဒီရဲ့အပေါ်မှာ သူတို့ကုမ္ပဏီအပိုင်းက တစ်ယောက်မှ မဝယ်ကြဘူး။ မေးလိုက်လို့ ရှိရင် ဒီနေ့ မဝယ်ဘူး အဲဒီလိုမျိုးပြောကြတယ်။ အရောင်းအဝယ်တော့ တော်တော်လေး ပါးသွားတယ်။ (၃)ပုံ ပုံရင် (၂)ပုံလောက်ပါးသွားတယ်။ မဖြစ်မနေ ငွေလိုအပ်တဲ့ လူတွေလောက်ပဲ ရောင်းတော့တယ်။ မွန်ပြည်နယ်မှာက သူ့ရဲ့ အသက်မွေးဝမ်းကြောင်းက ရော်ဘာပဲ ရှိတယ်ဆိုတော့ ရော်ဘာ ကဏ္ဍကတော့ တော်တော် ဆိုးရွားသွားမယ်လို့ ထင်တယ်။ မွန်ပြည်နယ်တစ်ခုလုံး ငွေရေး ကြေးရေး ကျပ်တည်းသွားမယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။

ရော်ဘာတွေဟာ စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားချက် မထုတ်ခင်အချိန်တုန်းက တရုတ်နဲ့ ထိုင်းနိုင်ငံတွေက ရော်ဘာဝယ်ယူမှု ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရော်ဘာအရောင်းအဝယ် လုံးဝနီးပါး ရပ် တန့်သွားရပြီ ဖြစ်ပါတယ်။

ရော်ဘာ အရောင်းအဝယ် ရပ်တန့်သွားတဲ့အတွက် ရော်ဘာဈေးနှုန်းဟာ တစ်ပေါင်ကို ကျပ် ၁၈၀၀ ကနေ ကျပ် ၁၁၀၀ ထိ ဈေးနှုန်းကျဆင်းလာတာကြောင့် ရော်ဘာစိုက်တောင်သူတွေ အခက်ကြုံနေရတာပါ။

ရော်ဘာစိုက် တောင်သူတွေဟာ တစ်ဖက်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ရော်ဘာသွင်းအားစု ဈေးနှုန်း (၄)ဆ နီးပါး မြင့်တက်လာတာ၊ လုပ်သားခနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုအခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။မွန်ပြည်နယ်ဟာ ရော်ဘာ စိုက်ပျိုး ဧက (၅)သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာ တန်ချိန် (၁)သိန်းကျော် ထွက်ရှိသလို ရော်ဘာကဏ္ဍကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.