ကြဲကြာအင်းဆိပ်ကြီး ၊ နိုဝင်ဘာ (၂၃)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက သတ္တုမိုင်းလုပ်ငန်းခွင်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲက သတ္တုတွင်းတွေဖြစ်တဲ့ အမှတ်(၁)မိုင်းတွင်းနဲ့ အမှတ် (၂)မိုင်းတွင်းတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ(၂၂)ရက်နေ့ မနက်ပိုင်းမှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ဒီလိုပစ်ခတ်မှုကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က အခုလို သတ္တုမိုင်းလုပ်ငန်းခွင်ကို လေယာဉ်နဲ့ ထပ်မံဗုံးကြဲလာတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီတောင်ကလေးရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၆)ရက်နေ့ကလည်း တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ သတ္တုမိုင်းတွင်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် မိုင်းတွင်းရှိ အလုပ်သမား(၃) ဦးသေဆုံးပြီ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက သတ္တုမိုင်းလုပ်ငန်းခွင်တွေကို စစ်ရေးပစ်မှတ် မဟုတ်ပဲ ဗုံးကြဲရတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ ငွေကြေးထောက်ပံ့နေတဲ့ လုပ်ငန်းခွင်တွေဖြစ်နေတာကြောင့် လုပ်ဆောင်ရတာလို့ ဝန်ခံထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ (၂၂)ရက်နေ့ မနက်ပိုင်းမှာလည်း တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာဘက်ခြမ်းမှာ စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် KNLA ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူတပ်ခွဲ(၂)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၁)ရက်နေ့က တောင်ကြာအင်းကျေးရွာကနေတစ်ဆင့် လောင်းကိုင်ကျေးရွာထဲကို အင်အား(၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာခဲ့ပြီး ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေလည်း ထွက် ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.