နယူးဒေလီ၊ နိုဝင်ဘာ (၁၆)
ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် သံခင်းတမန်ခင်း ပြန်လည်စတင်လုပ်ဆောင်နိုင်ကြရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နိုဝင်ဘာ (၁၅) ရက်နေ့မှာတိုက်တွန်းခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးငြိမ်းချမ်းစေဖို့အတွက်လည်း တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယအနေနဲ့ မော်စကိုရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုကို ရှုတ်ချခြင်းမရှိပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင် ဘာလမှာ မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို “ယနေ့ခေတ်ဟာ စစ်ဖြစ်ရမယ့်ခေတ်မဟုတ်ဘူး” လို့ ပြောကြားခဲ့ဖူးပါတယ်။
“ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ သံတမန်ရေးလမ်းကြောင်းကို ပြန်သွားဖို့ နည်းလမ်းရှာရမယ်လို့ ကျွန်တော် ထပ်ခါတလဲလဲ ပြောခဲ့ဖူးပါတယ်” လို့ မိုဒီက အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးတွင်း အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ရုရှားဟာ အိန္ဒိယရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဆယ်စုနှစ်များစွာကြာ အကြီးမားဆုံး သွင်းတဲ့သူဖြစ်ခဲ့ပြီး အိန္ဒိယ ဆေးဝါးထုတ်ကုန်တွေ အတွက်လည်း စတုတ္ထအကြီးဆုံး ဈေးကွက်တစ်ခုလည်း ဖြစ်ပါတယ်။
အနောက်တိုင်းဝယ်လက်တွေထံက ရှောင်ဖယ်ခံထားရတဲ့ ရေနံစိမ်းတွေကို လျှော့ဈေးနဲ့ တင်ပို့နေတာကြောင့် အိန္ဒိယဟာ တရုတ်ပြီးလျှင် ရုရှားရဲ့ အကြီးဆုံး ရေနံဖောက်သည် ဖြစ်လာနေခဲ့ပါတယ်။
ရုရှားရေနံတင်ပို့မှုအပေါ် ဈေးနှုန်းကန့်သတ်ချက် ချမှတ်ဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကြိုးပမ်းနေ ပေမယ့်လည်း ပြည်တွင်းကုန်သည်တွေက ရုရှားရေနံကို လျှော့ဈေးနဲ့ ဆက်လက်ဝယ်ယူသွားမှာဖြစ်တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
စွမ်းအင်ထောက်ပံ့မှုအပေါ် ကန့်သတ်ချုပ်ချယ်မှုမရှိသင့်ဘဲ စွမ်းအင်ဈေးကွက်အတွင်း တည်ငြိမ်မှုကို အာမခံသင့်ကြောင်း မိုဒီက ပြောကြားခဲ့ပါတယ်။
“အိန္ဒိယရဲ့ စွမ်းအင်လုံခြုံမှုဟာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက်လည်း အရေးကြီးပါတယ်” လို့ မိုဒီက ပြောကြားခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“ယနေ့ ဓာတ်မြေသြဇာ ပြတ်လပ်မှုဟာ မနက်ဖြန်ရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်ပြီး ကမ္ဘာကြီးမှာ အဖြေမရှိပါဘူး။ ဓာတ်မြေသြဇာနဲ့ အစားအစာ အစေ့အဆန်တွေ ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေပြီး စိတ်ချရစေဖို့ အပြန်အလှန် သဘောတူညီချက်တစ်ခု ပြုလုပ်သင့်တယ်” လို့လည်းမိုဒီက ပြောကြားခဲ့ပါတယ်။
Ref: CN A