မော်လမြိုင်၊ နိုဝင်ဘာ (၁၄)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်ကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇေယျာသီရိရပ်ကွက်က နေအိမ်တစ်လုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လာရောက်စီးနင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တချို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် ဇေယျာသီရိရပ်ကွက်ဒေသခံတွေကလည်း ဘေးလွတ်ရာ ဒိုင်ဝင်းကွင်းဘက်ကို တိမ်းရှောင်လာကြတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံတိုးချဲ့လာသလို မြို့အဝင်အထွက် နေရာတွေမှာလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.