မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၄)
ရက်မန်ယူအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မန်ယူအသင်းမှာ သစ္စာဖောက်ခံရကြောင်းနဲ့ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တယ်လို့ ပီယာ့စ်မော်ဂန်နဲ့ သီးသန့်တွေ့ဆုံတဲ့ အင်တာဗျူး အစီအစဉ်မှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ထုတ်ဖော်ပြောဆိုသွားတာပါ။
စီရော်နယ်လ်ဒိုက မန်ယူအသင်းမှာ သစ္စာဖောက်ခံရတယ်လို့ ခံစားရနေကြောင်းနဲ့ အသင်းမှာ ရှိတဲ့သူတချို့ကလည်း သူကို အလိုမရှိတော့ဘူးလို့ ပြောပါတယ်။ဒါ့အပြင် နည်းပြတန်ဟက်ဂ်ကလည်း သူအပေါ် လေးစားမှုမရှိကြောင်းနဲ့ အဲဒီလို လေးစားမှုမရှိရင် သူ့ဘက်ကလည်း လေးစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဂျုဗင်တပ်စ်အသင်းကနေ မန်ယူအသင်းထံ တကျော့ပြန် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စီရော်နယ်ဒိုဟာ အသက်အရွယ်ကြီးရင့်လာမှုနဲ့အတူ ခြေစွမ်းကျဆင်းလာတဲ့အတွက် နည်းပြတန်ဟက်ဂ် လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေသလို အသင်းနည်းပြဖြစ်သူနဲ့လည်း အဆင်မပြေမှုတွေ ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်