မွန်နိုင်ငံရေးပါတီတွေထဲမှာ လူထုထောက်ခံမှု ရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ(MUP)ဟာ စစ်တပ် အာဏာသိမ်း ပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) ကလည်း မွန်ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားကနေ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးနေတာပါ။

ဒါကြောင့် အာဏာသိမ်း စစ်အုပ်စုကို ပြည်သူတစ်ရပ်လုံး လက်မခံကြောင်း ပြသနေတဲ့အချိန် မွန်နိုင်ငံရေး ဦးဆောင်တဲ့ မြေပေါ်ပါတီ မွန်ညွတ်ညီရေးပါတီ(MUP) နဲ့ လက်နက်ကိုင် မွန်ပြည်သစ်ပါတီ(NMSP) ရဲ့ ရပ် တည်ချက်တွေကြောင့် မွန်နိုင်ငံရေး မှေးမှိန်လာပြီးလား။ မွန်နိုင်ငံရေးဦးဆောင်နေတဲ့ အဖွဲ့တွေအပေါ် လူ ထုယုံကြည်မှု ဘယ်လောက်ထိ ကျဆင်းလာပြီလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဒေါက်တာ ပညာမွန်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ မွန်ညီညွတ်ရေးပါတီက အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်။ပြီးတော့ မွန်ပြည်သစ်ပါတီကလည်း ကန့်ကွက်မှုတွေ ရှိနေတဲ့ကြား စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်။ ဆိုတော့ ဒီအခြေနေတွေက မွန်နိုင်ငံရေး အရှိန်လျော့ကျလာပြီး မှေးမှိန်သွားတယ်လို့ ပြောလို့ရနိုင်လား။ သုံးသပ်ပေးပါဦး။

MUP ကကျွန်တော်မပြောလိုပါဘူး။ သူတို့က ကိုယ်စားလှယ်နှစ်ဦး လွှတ်ထားပြီးသား SACမှာလည်း သူတို့ပါဝင် တယ်။ ကျွန်တော်ထင်တာ သူတို့ကရှင်းပါတယ်။ SACရဲ့ အတိုင်းပဲသွားမှာပါ။ ဒါပေမယ့် မွန်ပြည်သစ်ပါတီပါ သူတို့က ဘယ်လမ်းကြောင်းသွားနေလဲဆိုတာ သိပ်မရှင်းဘူးပေါ့။ ဒီSACရဲ့ ဖိတ်ကြားတဲ့ပွဲကလည်း သူတို့တက် တယ်။ နှစ်ခေါက် တက်တာပေါ့။ သူတို့တက်ပြီးတော့ ဒုတိယတစ်ခေါက်က မတက်သလိုလိုနဲ့ နောက်ဆုံးတော့ သူတို့တက်သွားတာပဲ။ ဆိုတော့ ဒီလမ်းကြောင်းကို ကျွန်တော်ထင်တာ ဒုတိယအခေါက်တက်လိုက်ပြီးတော့ ကျွန်တော် ထင်တယ်။ မွန်ပြည်သစ်ပါတီမှာလည်း သူတို့ပိုရှင်းလာတယ်။ ဒီSACရဲ့လမ်းကြောင်းက ဘာလဲဆို ရင် ရှင်းနေပြီ လို့ကျွန်တော်ထင်တယ်လေ။ သူတို့ တကယ် လေးလေးနက်နက် စဉ်းစားဖို့လိုပြီ။ ဒီလမ်းကြောင်း က သူတို့တကယ်သွားချင်တဲ့ လမ်းကြောင်းလား။ တကယ့်ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီးသွားနေတဲ့ လမ်းကြောင်းလား။ မဟုတ်ရင်လည်း ဒီSACရဲ့ နိုင်ငံရေးရဲ့ သူတို့ရဲ့ လှည့်ကွက်ပေါ့နော်။ နိုင်ငံရေးရဲ့ လှည့်ကွက်ကို သူတို့သွားနေသလားပေါ့။ အဲဒါ သူတို့ ကောင်းကောင်းမွန်မွန် လေးလေးနက်နက်နဲ့ စဉ်းစား ဖို့လိုတယ်။ အခု ကျွန်တော်အနေနဲ့ကတော့ ရှင်းနေပြီပေါ့။ SACလမ်းကြောင်းက ဘာလဲဆိုတော့ သူတို့ ၂၀၀၈ကို ပြင်ဆင်ဖို့ပါပဲ။ ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ပါပဲ။ ပြီးတော့ လွှတ်တော်ဖြစ်လာမယ်ဆိုရင် ၂၀၀၈ ကို သင့်တော်သလောက် သူတို့ပြင်မှာပဲ။ အဲဒီလမ်းကြောင်းက မွန်ပြည်သစ်ပါတီ သွားချင်တဲ့လမ်းကြောင်းလား။ မွန်ပြည်သစ်ပါတီ သွားချင်တဲ့ ဖက်ဒရယ်က အဲဒီလမ်းကြောင်းလားပေါ့။ အဲဒါစဉ်းစားဖို့လိုတာပေါ့။ အကယ်၍ အဲဒီလမ်းကြောင်းက ကျွန်တော်တို့ သွားချင်တဲ့လမ်းကြောင်းမဟုတ်ဘူးဆိုရင် နောက်လမ်းကြောင်းတစ်ခု မွန် ပြည်သစ်ပါတီက စဉ်းစားဖို့လိုတာပေါ့။ သူတို့ ဘယ်လိုစဉ်းစားရမလဲဆိုတော့ ဒါကတခြားတိုင်းရင်းသား လက် နက်ကိုင်အဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ပြီး သူတို့လမ်းကြောင်းသစ်တစ်ခု သူတို့ရဲ့နိုင်ငံရေးဦးတည်ချက်ကို သူတို့ ပြန်လည်စဉ်းစားဖို့လိုတာပေါ့။ အဲဒီလိုမဟုတ်ဘူးဆိုရင် SACရဲ့ နိုင်ငံရေးလမ်းကြောင်းအောက်ကို သူတို့ရောက် သွားလိမ့်မယ်။ သူတို့ရောက်သွားမယ်ဆိုရင် သူတို့ရဲ့နိုင်ငံရေး အန္တရာယ်ရှိလာနိုင်တယ်။ သူတို့လေးလေး နက်နက် ဆွေးနွေးဖို့လိုတာပေါ့။ စဉ်းစားဖို့လိုတာပေါ့။

-ဆိုတော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီကို နိုင်ငံရေးစားပွဲဝိုင်းပေါ်ကနေ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်းကို ဘာကြောင့် လျှောက်ခဲ့တယ်လို့ မြင်မိပါသလဲ။

ဒါက ကျွန်တော်ထင်တယ်လေ။ မွန်ပြည်သစ်ပါတီရဲ့ ဘာဖြစ်တည်လမ်းကြောင်းကို ရွေးသလဲဆိုရင် ဒါက ရှင်း ရှင်းလင်းလင်းပါပဲလေ။ သူတို့က စစ်မဖြစ်ချင်သေးလို့ စစ်မတိုက်ချင်သေးလို့ သူတို့ရဲ့ထင်မြင်ချက်က စစ်ဖြစ် မယ်ဆိုရင် ကျွန်တော်တို့ မွန်ပြည်နယ်မှာ တော်တော်လေးဒုက္ခရောက်မယ်။ စစ်ရှောင်စခန်းတို့၊ စစ်ဘေးဒုက္ခ သည်တို့၊ ရွာမီးရှို့ခံရတာတို့ အဲဒါတွေကို သူတို့လောလောဆယ် သူတို့အဆင်သင့် မဖြစ်သေးတဲ့အခါကျတော့ တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ သူတို့အဲဒီလို အခြေအနေရှိတယ်။ အဲဒါကြောင့် ပဲ ဒီတော်လှန်ရေးမှာ သူတို့မပါဝင်လာတာ။ အဲဒါတစ်ချက်။ ဒါကဒီလိုစစ်မဖြစ်တာက သူတို့က ဘာကြောင့်SACကို သွားဆွေးနွေးနေလဲဆိုရင် ဒါကဆက်ဆံရေးပါပဲ။ SACကိုဆက်ဆံရေးမပြတ်တာ။ SACနဲ့ စစ်မဖြစ်အောင် သူတို့ သွားဆွေးနွေးတာ။ ဒါပေမယ့်ခုနက ကျွန်တော်ပြောသလို စစ်မဖြစ်အောင် ဆွေးနွေးတာတစ်ခုနဲ့လည်း ကျွန် တော်တို့ သွားဖို့မလိုပါဘူး။ တခြားနည်းလမ်းလည်းရှိပါတယ်။ တခြားဆွေးနွေးပွဲ လမ်းကြောင်းတစ်ခု တိုင်းရင်း သားတွေ အားလုံးပါဝင်ဖို့ အထူးသဖြင့်သွားဆွေးနွေးနေတဲ့ EAOsတွေ အားလုံးပေါင်းစည်းပြီးတော့ သွားနေတဲ့ လမ်းကြောင်းက မွန်ပြည်သစ်ပါတီရဲ့ ပိုင်ဆိုင်မှု ဘာမှမရှိဘူး။ ဒါSACရဲ့လမ်းကြောင်းပဲ။ သူပဲ အစီအစဉ်ဆွဲ တယ်။ သူပဲခိုင်းတယ်။ သူပဲဆုံးဖြတ်ချက်ချတဲ့ သဘောရှိတယ်။ သွားပြီးတော့ သူတို့ရဲ့အကြံဉာဏ်တွေတောင်း သလိုပဲ။ ကိုယ့်ဆီက အကြံဉာဏ်တွေတောင်းသလိုပဲ ဖြစ်နေတဲ့အခါကျတော့ တကယ်လို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ် ဆွေးနွေးပွဲကို ကောင်းကောင်းမွန်မွန်ဖြစ်ချင်ရင် အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုကို သူတို့ဖော်ဆောင်နိုင်ရ မယ်။ သူတို့ရှာရမယ်။ အားလုံးမပါဝင်နိုင်ပေမယ့်လည်း အားလုံးစုစည်းပြီးတော့ ဒီဖြစ်စဉ်တစ်ခု ကိုယ်ပိုင်ဆိုင် နိုင်တဲ့ ဖြစ်စဉ်တစ်ခုကို လုပ်ဖို့လိုတယ်။ အဲဒါမှသာ ဆွေးနွေးပွဲကပိုပြီးတော့ အဓိပ္ပါယ်ရှိတာပေါ့။ အဲဒါမွန်ပြည် သစ်ပါတီက လုပ်ဖို့လိုတာပေါ့။

-အာဏာသိမ်း စစ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ NUG ၊ PDF တို့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်။ ပြီးတော့ မွန်လူငယ်တချို့ကလည်း လက်နက်ကိုင်တော်လှန်ဖို့ တပ်ဖွဲ့တွေ တည်ဆောက် လာတယ်။ ဒီအပေါ်မှာ နောင်တစ်ချိန် ရခိုင့်တပ်တော် AA လိုမျိုး မွန်လူထုတွေ ယုံကြည်အာကိုးတဲ့ မွန်လူမျိုး ကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်လာနိုင်တယ်လို့ မြင်မိလား။

ကျွန်တော်ထင်တယ်။ ဒါက ကျွန်တော်တို့မွန်လူမျိုး မွန်ပြည်သစ်ပါတီတစ်ခုတည်းတော့ မဟုတ်ဘူး။ တော်လှန် ရေးကို မပါလာတာ။ ရှမ်းထဲမှာလည်း ရှမ်းနှစ်ဖွဲ့စလုံးလည်း မပါလာသေးဘူး။ အေအေ ကလည်း သူတို့ပါလာ တာလည်း သိပ်တော့မကြားဘူးပေါ့။ သူတို့ပါလာတဲ့ ပုံစံကလည်း သိပ်တော့မတူဘူးလေ။ သူတို့ရဲ့ တော်လှန် ရေးကိုထောက်ခံပြီး သူတို့ပါလာတာလည်းမဟုတ်ဘူး။ ရှင်းရှင်းလေးပဲပြောတယ်။ အေအေရဲ့လမ်းစဉ်ကို ထိ ခိုက်လာမယ်ဆိုရင် သူတို့ကတော်လှန်မယ်ဆိုတော့ သူတို့အဲဒီလိုရှိတာပေါ့။ ကျွန်တော်တို့ မွန်ထဲမှာလည်း အလားတူပါပဲ။ တိုက်ချင်တဲ့  စစ်အာဏာရှင်စနစ်ကိုပြုတ်အောင် တိုက်နေတဲ့အဖွဲ့လည်း ရှိပါတယ်။ မွန်ပြည် သစ်ပါတီလိုပေါ့။ အလယ်မှာနေတယ်၊စစ်လည်းမဖြစ်ချင်ဘူး။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲလည်း ဆွေးနွေးမှု မရှိတဲ့အဖွဲ့လည်းရှိတာပေါ့။

ရေးဘက်မှာလည်း ဖွဲ့နေပြီလေ။ PDFတွေရှိပါပြီ။ ဒါပေမယ့် ဒီအဖွဲ့တွေက ဘယ်လောက်ကြီးမားလာမလဲ ကျွန် တော်လည်း မပြောတတ်ဘူးလေ။ကျွန်တော်တို့ တော်လှန်ရေးအဆက်အဆက်ကို ကြည့်မယ်ဆိုရင် မွန်ပြည် သစ် ပါတီကလွဲပြီး အခြားအဖွဲ့ဘယ်လောက်ပဲ ကြိုးစားကြိုးစား အောင်မြင်တဲ့အဖွဲ့ ကျွန်တော် သိပ်မတွေ့ဘူး။ အရင်ကဆိုရင်တော့ ကျွန်တော်တို့အပါအဝင် အမေရိကန်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့အဖွဲ့တွေအပါအဝင်ပဲ တ ကယ့် တော်လှန်ရေးဘက်ကို အားပေးလာခဲ့တယ်။ ဆိုတော့ မွန်ပြည်သစ်ပါတီဘက်ကို အားမရတာရှိတယ် ပေါ့။ နောက်ဆုံး အဲဒီအဖွဲ့ကနေ ကွဲထွက်တဲ့အဖွဲ့တွေကို ကြည့်လိုက်တော့ တစ်ဖွဲ့မှမအောင်မြင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ တော်လှန်ရေးလက်နက်ကိုင်ကို ထူထောင်ရင် ခေါင်းဆောင်မှုဘယ်လိုရှိလဲ။ အုပ်ချုပ်တဲ့အပိုင်း၊ စစ်ရေး၊ငွေကြေးအဆုံးပေါ့နော်။ အဲဒါက အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာ မထူထောင်နိုင်ဘူးဆိုရင် ဖောင်ဒေး ရှင်း အခြေခံမရှိဘူးဆိုရင်တော့ ဒါအဖွဲ့အစည်းတစ်ခုကို တိုးတက်လာဖို့ အခက်အခဲရှိတယ်ပေါ့။ ဒါပေမယ့် ခုန ပြောသလိုပေါ့။ တကယ့် စိတ်သန်တဲ့လူငယ်တွေ အာဏာရှင်စနစ်ကို တိုက်ဖို့လူငယ်တွေက တော်လှန်ရေး တစ်ဖွဲ့ အင်အားကြီးဖို့က အများကြီး ကြိုးစားဖို့လိုတာပေါ့။ လက်နက်ကိုင်ပြီး တိုက်ဖို့လုံးဝမလုံလောက်ဘူး။ ခေါင်းဆောင်ပိုင်း၊ အုပ်ချုပ်တဲ့အပိုင်း၊ ဘတ်ဂျတ်အစုံပေါ့နော်။ ဒါကဆက်ဆံရေး၊ စည်းရုံးရေးအစုံပေါ့၊ အဲဒါရှိမှ သာ ရေရှည်သွားနိုင်တယ်။ ပြီးတော့ တိုးတက်မှုရှိနိုင်တယ်ပေါ့။

-စစ်အုပ်စုဘက်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ နောက်ဆုံးမှာ ဝှက်ဖဲ အနေနဲ့ ထုတ်သုံးလာဖို့ ရှိနိုင်မှာလား။ တကယ်ဆိုရင် လက်ရှိတိုက်နေတဲ့ EAOs တွေ၊ NUG PDF တို့က လက်ခံ နိုင်မှာလား။ဘယ်လိုမြင်လဲ။

ကျွန်တော်ထင်တာ မြန်မာနိုင်ငံအရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေ တုန်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှမေ့လို့မရဘူး။ သူကတကယ့်အရေးအကြီးဆုံးပဲ။ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ဒါက စကစက သိထားပြီးသားပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းထား တယ်။ ဆိုတော့ သူတို့အတွက်က ဝှက်ဖဲတစ်ချပ်ပဲ။ ဟိုးအရင်က နဝတတို့လည်း ဒီလိုပဲပြန်ဖမ်းလိုက်တယ်။ သူတို့ရဲ့ကျပ်တည်းမှုကို သုံးဖို့အတွက်။ စကစဘက်က နိုင်ငံရေး အကျပ်အတည်း ဖြစ်လာမယ်ဆိုရင် သူတို့ သုံးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးလိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလက်ရှိ NUGတို့ NUCC တို့ မက်လုံးပေးမှာပဲလေ။ ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် NLD က ဒေါ်အောင်ဆန်းစုကြည် နောက် လိုက်မှာပဲလေ။ သူ့ရဲ့ ပါတီခေါင်းဆောင်ဆိုတော့ ပြီးတော့ မြန်မာပြည်မှာ သိတဲ့အတိုင်းပဲ ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံတဲ့သူအတော်များတော့ ထုတ်သုံးတော့ နိုင်ငံရေးကစားကွက် ပြောင်းသွားနိုင်တာ ပေါ့။ ဒါ ကျွန်တော်တို့ မေ့လို့မရဘူး။ ဥပမာ-ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည် က စကစနဲ့ ဆွေးနွေးမယ်။ သူအထဲရှိနေတာကိုး။ သူဆွေးနွေးမယ်။ ပြီးတော့လည်း NUGနဲ့ ဒီဘက်က တိုက် နေတဲ့ အဖွဲ့တွေက အချိတ်အဆက်မရှိဘူး။ တစ်တန်းတည်းမရှိဘူးဆိုရင် ဒါက ကွဲမှာပဲလေ။ ဒါကအထင်အမြင် လွဲကြမယ်။ ပြီးတော့လည်း ရပ်တည်မှု မတူကြတာ အများကြီးရှိလာတော့ တော်လှန်ရေးဘက်က ပြင်ဆင်ထား ဖို့ လိုမယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်ဆိုရင် တစ်တန်းတည်း ဖြစ်အောင် ဘယ်လိုပြင်ဆင်ထားရမ လဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့နေရာမှာလည်း သူပြင်ဆင်ထားဖို့လိုမယ်။ ဒါက၈၈ရဲ့ အခြေအနေ မဟုတ်တော့ဘူးပေါ့နော်။ NUG,CRPH လည်းရှိတယ်။ PDFတွေလည်း အများကြီးပဲ ရှိနေတဲ့အခါကျတော့ ဒါက တစ်တန်းတည်းဖြစ်ဖို့လည်း သူစဉ်းစားဖို့လိုတယ်ပေါ့နော်။ အကယ်၍ ဒါမဟုတ်ဘူးဆိုရင် တော်လှန်ရေး ဘက် ကနှစ်ခြမ်း၊သုံးခြမ်းကွဲသွားတဲ့သဘောရှိတာပေါ့။ အဲဒါကတော့ တော်တော်ကို စိန်ခေါ်မှု တစ်ခု ရှိနိုင်တယ်။ ကျွန်တော်ထင်တယ်။

-ဆိုတော့ မွန်ညီညွတ်ရေးပါတီရဲ့ နိုင်ငံရေးကရော ဘယ်လိုမျိုး ဆက်ဖြစ်လာနိုင်ဖွယ် ရှိမလဲ။ လူထုယုံကြည်မှု ကျဆင်းသွားတယ်။ နောင်တစ်ချိန် လူထုယုံကြည်မှု မရတော့တဲ့ အခြေအနေလို့ ပြောလို့ရနိုင်မလား။

မွန်ညီညွတ်ရေးပါတီရဲ့ အခြေအနေက တော်တော်လေးသုံးသပ်ဖို့ ခက်တယ်။ သူတို့ အခုတော်တော်လေး ငြိမ်နေတယ်။သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကတော့ အပြင်ဘက်ကနေကြည့်ရင် ဘာမှထူးထူးခြားခြား မတွေ့ပါဘူး။ ပြီးတော့လူငယ်တွေသတ်ခံရတဲ့ ကိစ္စကလည်း သူတို့ကသူတို့အတွင်းထဲမှာ သူတို့ဘာတွေ လုပ်နေလဲ၊ ဘယ်လိုစီစဉ်ထားလဲဆိုတာ မသိဘူး။ အပြင်ဘက်ကနေပြီးတော့ သတင်းထဲမှာတော့ ကျွန်တော် ဘာမှမတွေ့ဘူး။ ပြီးတော့ သူတို့နိုင်ငံရေးက ဆင်းသက်နေလား၊ တိုးတက်နေလား အဲ့ဒါကျွန်တော်မပြောနိုင် ဘူး။ ဘာဖြစ်လဲဆို သူတို့ တော်တော်လေးငြိမ်သက်နေတယ်။ လာမယ့် ရွေးကောက်ပွဲက သူတို့ဝင်မလား။ မဝင်ဘူးလား။သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ပိုပြီးတော့ ကျွန်တော်တို့ ခန့်မှန်းလို့ရတာပေါ့။ ပြီးတော့လည်း စကစရဲ့ ရွေးကောက်ပွဲပြီးရင် စကစရဲ့ကာလတစ်ခုကုန်သွားပြီဆိုရင် သူတို့ဆက်လက်ပါသွားမလား။ အဲဒါ ကလည်း ကျွန်တော်တို့ ဘာမှမကြားရဘူးပေါ့။ သူတို့အတွက်က သုံးသပ်ဖို့ခက်တယ်။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီ ဝင်ပြိုင်တဲ့အခါ မွန်လူထု ထောက်ခံမှု ရရှိနိုင်မလား။ဘယ်လို မြင်ပါသလဲ။

ခုန ကျွန်တော်ပြောသလိုပေါ့လေ။ ပါတီတိုင်းက ထောက်ခံမှုရှိတယ်။ NLD လည်းထောက်ခံမှုရှိတယ်။ USDP လည်း သူတို့ရဲ့အမာခံပေါ့။ ထောက်ခံမှုရှိတယ်။ ကျွန်တော်တို့ အခြေအနေကတော့ မွန်လူမျိုးတွေ မထောက်ခံ ဘူး၊ ထောက်ခံတယ် ပြောဖို့ခက်တယ်လေ။ ဘာဖြစ်လဲဆိုတော့ မွန်လူမျိုးဆိုတာ ဘာကိုလိုချင်လဲ တစ်ခါတ လေ ပြောဖို့ခက်တယ်ပေါ့နော်။ တစ်ခုပဲ ကျွန်တော်ပြောလို့ရတယ်။ သူတို့ရဲ့ ထောက်ခံတဲ့သူတွေ သူတို့ကို အားပေးနေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် အဲဒီလူတွေက ထောက်ခံသွားမှာပဲ။ ကျွန်တော်တို့ပြောလို့မရဘူး။ သူတို့ ကိုထောက်ခံသွားမှာပဲ။ ပြီးတော့လည်း ဒီရွေးကောက်ပွဲမှာလည်း အရင်ကလို ထောက်ခံမှုမရှိပေမယ့်လည်း သူတို့နေရာအများကြီး နိုင်သွားနိုင်တယ်။ဒါက၂၀၁၀လို ပုံစံမျိုးဖြစ်နေတယ်။NLD မပါဝင်ဘူးဆိုတော့ ပြိုင်တဲ့ အဖွဲ့က ပြိုင်တဲ့ပါတီက ဘာမှမရှိတော့ဘူးလေ။ USDP ပဲလေ။ ဒါက သူတို့က လွယ်လွယ်လေးနဲ့ သူတို့ပြိုင်လို့ ရတယ်လေ။

၂၀၁၀လို ပုံစံပဲ။ ကျွန်တော်ထင်တယ်။ ဒီရွေးကောက်ပွဲက ၂၀၁၀လို ပုံစံဖြစ်လာမယ်ထင်တယ်။ ၂၀၁၀က လည်း သိတဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ မွန်လူမျိုးတွေ မထောက်ခံဘူး။ အခု MUP က ရွေးကောက်ပွဲဝင်မှာ ဝင်တဲ့နေရာ များလာနိုင်တယ်။ ဘာကြောင့်ဆို NLD မပါဘူးဆိုတော့ သူတို့လည်းနေရာရမယ်။ USDP လည်း နေရာရမယ်။ ဘာဖြစ်လဲဆိုတော့ ပါတီ နှစ်ခုပဲရှိတာကိုး။ တရားဝင်မှု ဘယ်လောက်ရှိမလဲဆို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် မဲလာပေးမယ့် လူဦးရေရဲ့ ရာခိုင်နှုန်းက ဘယ်လောက်ရှိနိုင်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရ မှာပေါ့။ စကစက ဂရုစိုက်သလားဆို ဂရုမစိုက်ဘူးလေ။ ၂၀၁၀လည်း ဒီလိုပဲလုပ်ခဲ့တယ်လေ။ ၂၀၂၃က ဒီလိုပဲ ဖြစ်လာနိုင်တယ်။ ခုန ကျွန်တော်ပြောသလိုပဲ MUP က ဝင်ပြိုင်မယ်ဆိုရင် သူတို့အများကြီး နိုင်မှာပဲလေ။ ကျွန်တော်ထင်တယ် အဲ့လိုအခြေအနေရှိမှာပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.