မော်လမြိုင်၊ နိုဝင်ဘာ (၁၅)
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ လူထုအပေါ် ပစ်မှတ်ထားပြီး နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၂၀,၀၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ပြောပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲက စစ်ကောင်စီရဲ့ သံဆိပ်၊ တုံးတံတားနဲ့ ဘောကထာ တပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း KNU က သိမ်းဆည်းနိုင်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို နိုဝင်ဘာ(၁၃)ရက်နေ့ကလည်း ပြည်သူအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။
ဒီလို စစ်ကောင်စီက ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကျေးရွာပေါင်း(၁၈)ရွာက အရပ်သားပြည်သူ(၂၀,၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ အခုနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်လာတယ်လို့ ပြောပါတယ်။
“အခုက စစ်ကောင်စီကနေပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာတင် မဟုတ်ဘူး။ တိုက်ပွဲမဖြစ်တဲ့နေရာကိုလည်း လျှောက်ပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပြီး ပစ်တာ။ လေယာဉ်ပျံနဲ့ ရဟတ်ယာဉ်တို့နဲ့ လာပြီးတော့ ဗုံးကြဲတာတို့၊ ပစ်ခတ်တာတို့က တောက်လျှောက်လုပ်နေတာဆိုတော့ တိုက်ပွဲမဖြစ်လည်း ပစ်ခံရတာပဲလေ။ အဲဒီတစ်ခွင်က လူထုက မြို့နယ်တစ်မြို့နယ်လုံးစာက အကုန်လုံးကို ပတ်ပြေးနေရတာပဲ” လို့ဆိုပါတယ်။
လက်ရှိမှာတော့ KNU ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ဦးရေ(၉၀,၀၀၀) နီးပါးထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
KNU ရဲ့ ထုတ်ပြန်ထားချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲတွေကြောင့် ပြည်သူလူထု (၃)သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲ့ဒီအထဲက လူဦးရေ(၁)သိန်းကျော်ဟာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်