မြိတ်၊ နိုဝင်ဘာ (၁၄)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုံရှိ ဗဲင်(န်) တေ့(ချ်) ကုမ္ပဏီပိုင် စက်ရုံမှာ ငါးအမှုန့်ကြိတ်ကန်အတွင်း စက်ချို့ယွင်းမှုကို ဆင်းပြင်ရာမှ လူ ၃ ဦးသေဆုံးပြီး ၃ ဦးအ ရေးပေါ် ဆေးကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာပါ။

ငါးအမှုန့်ကြိတ်ကန်အ တွင်း အသုံးပြုနေတဲ့ မော်တာချိန်းကြိုး ပြတ်ထွက်သွားတာကြောင့် စက်ရုံအလုပ်သမားတစ်ဦးက ဆင်းပြင်ရာမှ အောက်ဆီဂျင်ပြတ်ပြီး လဲကျသွားခဲ့ပါတယ်။

ဒါကြောင့် နောက်ထပ် အလုပ်သမား ၅ ဦးမှ ဆင်းဆယ်ရာ ၆ ဦးစလုံး အောက်ဆီဂျင် ပြတ်တောက်သွားခဲ့ရတာ ဖြစ်ပါတယ်။

“ချိန်းကြိုးပြတ်လို့ တစ်ယောက်က အရင်ဆင်းပြင်တာ။ ကန်အောက်မှာက ငါးအပုပ်တွေဆိုတော့ အနံဆိုး တော့ အောက်ဆီဂျင်ပြတ်လဲတာ။ အဲဒါကို တစ်ယောက်ပြီး တစ်ယောက်ဆင်းကူညီရင်း အကုန်လုံးဖြစ်တာ။ ဖြစ်တဲ့သူ အကုန်လုံးက စက်ရုံအလုပ်သမားတွေကြီးပဲ။ သေဆုံးသူတွေ၊အရေးပေါ်ဆေးရုံတင်ထားသူတွေက နာမည်ဘယ်ဆိုတာတော့ မသိရသေးဘူး။ တာဝန်ရှိသူတွေ နာမည်တောင်းနေတာတွေ့ရတယ်”လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကန်အတွင်းဆင်းသူတွေ အောက်ဆီဂျင်ပြတ်လဲနေတာကြောင့် ဒေသလူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ် ဖွဲ့ဝင်တွေက ကူညီဆယ်ယူခဲ့ရာ ၃ ဦးသေဆုံးသွားပြီး ၃ ဦးကို အရေးပေါ်ဆေးကုသနေရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေနဲ့အရေးပေါ်ဆေးကုမှုခံယူရသူတွေကိုတော့ မြိတ်ပြည်သူ့ဆေးရုံကို ပို့ထားလိုက်တာပါ။

ဆေးရုံတက်ရောက်ကုသနေရသူတွေကတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ သက်သာနေပြီလို့ သိရပါတယ်။သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.