ညောင်လေးပင်၊ နိုဝင်ဘာ ၁၄

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့တပ်စခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တွေက တစ်ရက်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရခဲ့တယ်လို့ KNU က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့ မနက်(၄)နာရီအချိန်ကစပြီး KNLA တပ်ရင်း(၉)နဲ့ တပ်ရင်း(၇)နယ်မြေထဲက စစ်ကောင်စီရဲ့ ဘောကထာ၊ တုံးတံတားနဲ့ သံဆိပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက်(၁၁)နာရီခွဲမှာ အဲဒီစခန်း(၃)ခုလုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီရဲ့ သံဆိပ်စခန်းနဲ့ ဘောကထားစခန်းတွေကို KNLA မြေပြင်တပ်ဖွဲ့က တိုက်ခိုက်ခြေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး တုံတံစားစခန်းကိုတော့ KNLA က တိုက်ခိုက်ရေးသုံး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သလို အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးကာ ဒဏ်ရာရရှိမှုစာရင်းကို အတည်ပြုစိစစ်နေဆဲဖြစ်တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေထံကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ကျည်ဆံဗုံးသီးမိုင်း စတဲ့ အခြားပစ္စည်းတွေကို သိမ်းဆည်းရခဲ့ပြီး အဲဒီစခန်းတွေကို KNLA က ရှင်းလင်းစဉ်အချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်(၂၀)ခန့် ပြုလုပ်ခဲ့တဲ့အတွက် စခန်းအတွင်းရှိ ပစ္စည်းတွေကို အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိဘူးလို့ ကေအဲန်ယူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားထိခိုက်မှုနဲ့ နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး ထိခိုက်မှုစာရင်းကို စိစစ်အတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို စစ်ကောင်စီတပ်ဘက်က နိုဝင်ဘာလ (၁၂)ရက်နဲ့ (၁၃)ရက်နေ့ နှစ်ရက်အတွင်း ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း(၁၈)ရွာက အရပ်သားလူထု(၂၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရကာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.