ဖနွမ်းပင် – နိုဝင်ဘာ(၁၂)
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီးတဲ့နောက် သွေးထွက်သံယိုမှုတွေကို ရပ်တန့်နိုင်ဖို့ နည်းလမ်းရှာတဲ့အနေနဲ့ အတိုက်ခံအစိုးရနဲ့ ထိတွေ့ ဆက်ဆံသွားမယ်လို့ အာဆီယံခေါင်းဆောင်တွေက သဘောတူလိုက်ပါတယ်။
ဒီနေ့ နိုဝင်ဘာလ(၁၂) ရက်နေ့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်းတက်ရောက်ခဲ့ပြီး အစည်း အဝေးပထမနေ့မှာတင် မြန်မာအကြပ်အတည်းက လွှမ်းမိုးနေတာပါ။
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ ဖြုတ်ချ ခဲ့ပြီးနောက် နိုင်ငံတွင်းပဋိပက္ခတွေဖြစ်နေတာပါ။
အာဆီယံဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ငါးရပ် ကို သဘောတူခဲ့ကြပေမယ့် စစ်အုပ်စုက လက်ရှိအချိန်ထိ လျစ်လျူရှုထားသလို လိုက်နာဆောင်ရွက် တာမရှိသေးပါဘူး။
အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ အာဆီယံ ခေါင်းဆောင်တွေက စိတ်ပျက်နေကြတဲ့အတွက် တိကျတဲ့ အချိန်ဇယားနဲ့ လက်တွေ့ကျတဲ့ အစီအစဉ်တစ်ခုကိုလုပ် ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေကို တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ရက်တာဆွေးနွေးမှဒအပြီးမှာ အချက်(၁၅) ချက်ပါတဲ့ ကြေညာချက်တစ်ခုထွက်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံအတွက် သက်ဆိုင်သူအားလုံးကို ထိတွေ့ ဆက်ဆံဖို့ဆိုတဲ့ အချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။
“အဓိကအားဖြင့် အာဆီယံသဘာပတိရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က အလွတ်သဘော ထိတွေ့ ဆက်ဆံမှုကို လိုက်လျောညီထွေဖြစ်စေပြီး အလွတ်သဘော ဆက်ဆံမှုပြုမယ်” လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုဖော်ပြခဲ့တာဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထား တဲ့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ တွေ့ဆုံဖို့ရှိနေတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက တရားဝင်အစိုးရဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေရှိနေပေမယ့် အာဏာသိမ်းစစ်အုပ်စုကတော့ NUG ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာ ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုက နိုင်ငံကို ကောင်းကောင်းမွန်မွန်ရှေ့ဆက်လုပ်ဆောင်နိုင်တာမရှိဘူး ဆိုရင်တော့ အာဆီယံအစည်းအဝေးတွေတက်ရောက်ဖို့ တာမြစ်ပိတ်ပင်မှုတွေ ဆက်လက် လုပ်ဆောင်နေမှာဖြစ်တယ်လို့ အာဆီယံခေါင်းဆောင်တွေက သတိပေးထားပါတယ်။
“ဒါက သတိပေးချက်ပါ၊ ဒါက ခေါင်းဆောင်တွေဆီက ခိုင်မာတဲ့ သတင်းစကားပါ” လို့ အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး (Retno Marsudi ) ရက်နို မာဆူဒီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အာဆီယံအစုအဖွဲ့ထဲမှာတော့ အင်ဒိုနီးရှား၊မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက စစ်ကောင်စီကို ပြင်းထန်စွာအရေးယူဖို့ တောင်းဆိုထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အာဆီယံရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတော့ စစ်ကောင်စီဟာ တစ်နှစ်ကျော်ကြာ လှုပ်ရှားမှုမရှိဘဲ တိုးတက်မှုမရှိခဲ့တာတွေနဲ့ပတ်သက်ပြီး တခြားရွေးချယ်စရာ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အကြမ်းဖက်မှုတွေ ကြီးထွားလာမှုနဲ့အတူ အတိမ်း အစောင်းမခံတဲ့ ထိလွယ်ရှလွယ် အခြေအနေဖြစ်တယ်လို့ နိုင်ငံတကာက သတ်မှတ်ခဲ့တာပါ။
ဒီလအစောပိုင်းမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မြန်မာစစ်တပ်ဟာ “နာကျင်မှု အတွက် အလွန်သည်းခံနိုင်မှုနဲ့ အထီးကျန်မှုအတွက် အလွန်သည်းခံမှုမြင့်မားတယ်” ပြောခဲ့ပြီး စစ်တပ်ဟာ အကြပ်အတည်းကိုဖြေရှင်းဖို့ ဆယ်စုနှစ်များစွာကြာနိုင်တယ်လို့ သတိပေး ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၁) ရက်နေ့က ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် ခွင့်ပြုဖို့ သဘောတူခဲ့ပြီး အရှေ့တီမောဟာ အဖွဲ့ဝင်အဖြစ် အပြည့်အဝ ရရှိဖို့ လုပ်ဆောင်နေချိန်မှာ စောင့်ကြည့်လေ့လာသူအဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။
အာဆီယံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်ဟာ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပေမယ့် နိုင်ငံတွင်းဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကြောင့် နောက်ပိုင်းမှာ အဆင်မပြေမှုတွေရှိလာတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့အကြမ်းဖက်မှုတွေကို လျှော့ချဖို့ စစ်အုပ်စုကို ဖိနှိပ်ဖို့ အတွက်ပြင်းထန်တဲ့ ရပ်တည်ချက်တစ်ရပ် ချမှတ်ဖို့ အာဆီယံကို အမေရိကန်က တိုက်တွန်း ထားပါတယ်။
အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန် Daniel Kritenbrink က ဘိုင်ဒန် ရဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံအရေးဟာ ထိပ်တန်း ဘာသာရပ်ဖြစ်လာမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Ref: The Korea Times