ဘာလင်၊ နိုဝင်ဘာ (၁၃) ယူကရိန်းနိုင်ငံရဲ့ မြို့တွေကို ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေ ခုခံကာကွယ်ဖို့နဲ့ အခြေခံအဆောက် အအုံတွေ ပြန်လည်တည်ဆောက်ရာမှာ ဦးစားပေး ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်တယ်လို့ ဂျာမန်အဓိပတိ အိုလက်ဖ် စကော့ဖ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတည်းက ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းက ဒုက္ခသည်တွေကို ထပ်မံလက်ခံဖို့ ဥရောပအနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့ သောကြာနေ့က RND သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ရုရှားက ယူကရိန်းရဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲနေတယ်။ ဆောင်းတွင်း အအေးဒဏ်မှာ ယူကရိန်းက လူတွေ မရှင်သန်နိုင် အောင်လုပ်နေတာဖြစ်တယ်” လို့ သူကဆိုပါတယ်။
လောလောဆယ်မှာတော့ ဒီပျက်စီးမှုတွေကို တန်ပြန်ဖို့အတွက် ဂျာမန်ကုမ္ပဏီများစွာနဲ့ ဆွေးနွေးနေပါတယ်လို့ သူကပြောပါသေးတယ်။
ဂျာမနီနိုင်ငံက ယူကရိန်းသို့ ပေးပို့ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ပျက်စီးဆုံးရှုံးမှု နည်းပါး စေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်နေပေမယ့်လည်း ဘာလင်က နောက်ထပ်ပေးအပ်ဖို့ မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
အစောပိုင်းကတည်းက မစ္စတာစကော့ဟာ ယူကရိန်းသမ္မတဇယ်လန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဂျာမနီဟာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ဆက်လက်ပေးပိုဖို့ သဘောတူညီခဲ့ပါတယ်။
ရုရှားရဲ့ကျူးကျော်မှုမှာ စစ်ပွဲကို ရှောင်ရှားဖို့ အနောက်ခေါင်းဆောင်တွေ ကြိုးပမ်းခဲ့တဲ့ သံခင်း၊တမန်ခင်း အရှုပ်အထွေး ဘယ်လိုပင် ရှိစေကာမူ သမ္မတ ဗလာဒီမာပူတင်ဟာ သူရဲ့လမ်းစဉ်ကို အရှည်သဖြင့် ပြင်ဆင် ထားတယ် ယုံကြည်ကြောင်း မစ္စတာ စကော့ဖ်က ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂ နှစ်က ဒီစစ်ပွဲအတွက် ပူတင် ဆုံးဖြတ်ခဲ့တာကို ကျွန်တော် ယုံပါတယ်။ တပ်တွေ ထူထောင်တာကို ငါတို့မြင်ခဲ့တယ်၊ အဲဒါက ခြိမ်းခြောက်ရုံလောက်ဘဲလို့ ငါတို့ မျှော်လင့်ထားခဲ့တာ ဒါပေမယ့် မဟုတ်ခဲ့ဘူး၊ သူ့ရဲ့ အစီစဉ်တွေက ရှည်ကြာတဲ့ စစ်ပွဲအတွက် ပြင်ဆင်နေတာပဲ” လို့ သူကပြောခဲ့တာပါ။
Ref: The National News