မော်လမြိုင်၊နိုဝင်ဘာ (၁၃)
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကိုအခုချိန်ထိ မလိုက်နာတာဟာ စစ်ကောင်စီက အာဆီယံကို စိန်ခေါ်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင် တွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှု အားနည်းနေသလို ကတိကဝတ်တွေကို လိုက်နာဖို့ လိုတယ်လို့ စစ်ကောင်စီကို သတိပေးခဲ့တာပါ။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်း ထိန်း သိမ်းသိမ်းဆောင်ရွက်ဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြဖို့ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးဖို့တို့ ပါဝင်ပါတယ်။
“အာဆီယံဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ်ထူးထူးခြားခြားရှိမယ်လို့ မထင်ပါဘူး။ ဒီဆုံးဖြတ်ချက်ချတာ ၁၈လရှိပါပြီ။ ဘာမှအကောင်အထည်မပေါ်လာပါဘူး။ အကောင် အထည်မဖော်တဲ့အပြင် ပြီးခဲ့တဲ့လမှာ မြန်မာမှာရှိတဲ့ နိုင်ငံခြားရေးရုံး (စစ်ကောင်စီလက်အောက်ခံ) ကနေ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည် မဖော်တာမဟုတ်ဘူး။ ဖော်ဖို့သဘောထားကို မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်တွေက အာဆီယံသဘော တူညီချက်ကိုချိုးဖောက်ထားတာဖြစ်တယ်။ အာဆီယံရဲ့ အခြေခံမူက နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရဘူးဆိုတာကြောင့် သူတို့က(စစ်ကောင်စီဘက်က) မလိုက်နာတာ ဆိုပြီးတော့ ပြင်ဆင်ပြောဆိုလာပါတယ်။ အဲဒီသဘောထားကတော့ အာဆီယံကို စစ်ကောင်စီက စိန်ခေါ်လိုက်တာဖြစ်ပါတယ်’’လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကပြောပါတယ်။
အာဆီယံအနေနဲ့ စစ်ကောင်စီကို ဘုံသဘောတူညီချက်တွေ လိုက်နာဆောင်ရွက်ဖို့ သတ်မှတ်ချိန် အတွင်း အပြီးဆောင်ရွက်ဖို့ ပြောခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆန့်ကျင်နေတဲ့ စစ်ကောင်စီဟာ အကောင်အထည်ဖော်ဖို့ မရှိဘူးလို့ သူက ပြောပါသေးတယ်။
ဒါ့အပြင် အာဆီယံက ဘယ်လိုဆုံးဖြတ်ချက်ချသည်ဖြစ်စေ မြန်မာနိုင်ငံအတွက် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ကာလ သတ်မှတ်ချက်မလုပ်ဖို့ စစ်ကောင်စီက တုံ့ပြန်ထားတာကြောင့် အခုလိုအချိန်သတ်မှတ်လိုက်တာဟာ စစ်ကောင်စီနဲ့အာဆီယံကြား ဆက်ဆံရေးအဆင်ပြေလာဖို့ အလားအလာနည်းပါးလာပြီပဲ ဖြစ်ပါတယ်။
မြန်မာ့အရေးကို အမှန်တကယ်ထိရောက်တဲ့ အကူအညီပေးဖို့အတွက် စစ်ကောင်စီကို အာဆီယံ အဖွဲ့ကနေထုတ်ပယ်တာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု ဆက်ဆံတာတွေလုပ် ဆောင်သင့်ပေမယ့် လက်ရှိအချိန်ထိ မလုပ်ဆောင်တာဟာ အာဆီယံကို မေးခွန်းထုတ်စရာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ(၁၀) ရက်နေ့ကနေ (၁၃) ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေး၊ ကိုဗစ်နဲ့ မြန်မာ့အရေးတို့ကို အဓိက ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်