ပုဏ္ဏားကျွန်း – နိုဝင်ဘာ(၁၂)
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာက ဒေသခံတွေကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ပုဏ္ဏားကျွန်းအခြေစိုက် စစ်ကောင်စီ ခမရ ၅၅၀ ကို အပြင်းထန်ဆုံးလက်စားချေတုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က သတိပေးလိုက်ပါ တယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၀) ရက်နေ့ညပိုင်းက စစ်ကောင်စီ ခမရ-၅၅၀ တပ်ရင်းဟာ ပုဏ္ဏားကျွန်း မြို့နယ် ဆင်အင်းကြီးကျေးရွာက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲက သက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ(၉)ဦးထက်မနည်းကို သွေးအေးအေးနဲ့ ပစ်ခတ်သတ် ဖြတ်ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ဆိုထားတာပါ။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ လူနေအိမ်တွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ် ပြောင်ပြောင်တင်းတင်းကျူးလွန်နေသလို ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေကမှာလည်း AA နဲ့ ဖြစ်ပွားတဲ့ တကျော့ပြန်တိုက်ပွဲတွေမှာ ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ရင်ဆိုင်တိုက်ပွဲထက် နယ်မြေခံပြည်သူတွေကို ဦးတည်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာဖြစ်တယ် လို့ဆိုထားပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ သတ္တိမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေဟာ သူရဲဘောကြောင်တဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် ကဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်