မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)

စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခုနှစ် မိုးစပါးနဲ့ လာမယ့်နှစ် နွေစပါးအတွက် စပါးတင်း ၁၀၀ ကို အခြေခံရည်ညွှန်းဈေး ကျပ် ၆၃၀,၀၀၀ အဖြစ် သတ်မှတ်ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့ကထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊သဲ၊ခဲ ကင်းစင်ကာ အရည်အ သွေးဆိုင်ရာ သတ်မှတ်စံညွှန်းများနဲ့ ကိုက်ညီတဲ့ စပါးတစ်တင်း ၄၆ ပေါင်ကိုက် တင်း ၁ဝဝ ရဲ့ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို သတ်မှတ်ခဲ့တာပါ။

ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအထက်ဖြစ်ရင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက်မှာဖြစ်ရင် အခြေခံ ဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ ဆိုပါတယ်။

စပါးတောင်သူတစ်ဦးကတော့ သွင်းအားစုကုန်ပစ္စည်းတွေ သုံးဆလောက် ဈေးနှုန်းကြီးမြင့်နေတဲ့အ တွက် အခြေခံရည်ညွှန်းစပါးဈေး ကျပ် ၁၀ သိန်းဝန်းကျင် သတ်မှတ်မှ အဆင်ပြေနိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အနည်းဆုံး ၁၀ သိန်းလောက် သတ်မှတ်မှရမယ်။၁၀ သိန်းအောက်ကို သတ်မှတ်မယ်ဆိုရင် အဆင်မပြေဘူး။ပြီးခဲ့တဲ့ နှစ်က ၅ သိန်းကျော်သတ်မှတ်ပေမယ့် ဒီနှစ်မှာ တက်လာတဲ့ ကုန်ဈေးနှုန်းက တစ်ဆမကဘူး။သုံးဆလောက်တက်တာလေ။စက်သုံးဆီ၊သွင်းအားစု ဓာတ်မြေဩဇာ ကျန်တဲ့ ပစ္စည်းတွေက တစ်ဆ မကတက်တာလေ။ စပါးဈေးက အဲဒီပစ္စည်းအပေါ် လိုက်မတက်နိုင်တဲ့အခါကျတော့ ဒီအခြေခံရည်ညွှန်းဈေးနှုန်းကို ၁၀ သိန်းလောက်မှ မသတ်မှတ်ပေးဘူးဆိုရင် ၁၀ သိန်းအောက်ကျရင် တောင်သူတွေ အဆင်မပြေနိုင်ဘူးပေါ့” လို့ သူက ဆိုပါတယ်။

စပါးတောင်သူတွေဟာ စိုက်ပျိုးရေးသုံး သွင်းအားစု ဓာတ်မြေသြဇာအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ စက်သုံးဆီ၊ အလုပ်သမားဌားရမ်းခတွေကို စစ်အာဏာသိမ်းကာလအတွင်း ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ကို အလူးအလဲခံနေကြရတာပါ။

အရင်က ဓာတ်မြေဩဇာ ဈေးနှုန်းဟာ အမျိုးအစားပေါ် မူတည်ပြီး တစ်အိတ်ကို ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကနေ တစ်သိန်း နီးပါးထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုးစပါးရိတ်သိမ်းရာသီမှာလည်း အလုပ်သမားရှားပါးမှုဒဏ်ကြောင့် စပါးတောင်သူအများစုဟာ စပါးရိတ်သိမ်းတဲ့ စက်ယန္တယားကို တစ်ဧက ကျပ် ကိုးသောင်းကနေ ကိုးသောင်းခွဲအထိ ငှားရမ်းအသုံးပြုနေရပြန်ပါတယ်။

တစ်ဖက်မှာတော့ သွင်းအားစုကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ဓာတ်မြေဩဇာအလုံအလောက် မထည့်နိုင်တဲ့အပြင် ပိုးမွှားကျရောက်တဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတဲ့အတွက် အရှုံးပေါ်နေပြီလို့ တောင်သူတစ်ဦးက ဆိုပါတယ်။

“ဝဲလည်းဈေးကြီးတယ်။ စက်ဆီတွေလည်း ဈေးကြီးတယ်။အခုစပါးရိတ်တာ တစ်ဧကကို ကိုးသောင်းပေးရတယ်။ ဒီနှစ်စပါးလည်း ပိုးထိထားတယ်။တစ်ချို့တစ်ဝက်လောက်ပဲ ရတယ်။ဝဲလည်း ရှုံး၊ အကုန်အရှုံးပဲ။(မိုးစပါးချေးငွေ) ဘဏ်ငွေက အတိုးပဲယူမယ်။ အရင်းမဆပ်ရသေးဘူးဆိုရင် နည်းနည်းအရင်းရတာပေါ့။ (ချေးငွေဆပ်ဖို့) မနှစ်ကဆိုရင် ရောင်းစရာ ရှိတယ်။အခုရောင်းစရာမရှိတော့ဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ စပါးပေါက်ဈေးဟာ တင်း ၁၀၀ ကို ကျပ် ၁၀ သိန်းခွဲရှိနေပြီး စပါးတောင်သူတွေကတော့ ကြီးမြင့်လာနေတဲ့ သွင်းအားစုကုန်နဲ့ အထွေထွေကုန်ကျစရိတ်အပါအဝင် အထွက်နှုန်းလျော့ကျမှုအတွက် တင်း ၁၀၀ ကို ၁၅ သိန်းကျပ်နဲ့ ပုံမှန်ဈေးနှုန်း ဖြစ်စေချင်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးစပါးရာသီမှာ သဘာဝဘေးနဲ့ ဖျက်ပိုးတွေ ကျရောက်ခဲ့တာကြောင့် စပါးအထွက်နှုန်း လျော့ကျခဲ့သလို စစ်အာဏာသိမ်းမှုအကျိုးဆက် ကျပ်ငွေကြေးဖောင်းပွမှုကြောင့် သွင်းအားစုကုန်တွေ ဈေးမြင့်တက်ခဲ့တဲ့အတွက် စပါးစိုက်တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါး စိုက်ဧက ၇ သိန်းနီးပါး ရှိနေတာဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄ သိန်းကျော် ထွက်ရှိနေတာပါ။ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.