မော်လမြိုင်၊ နိုဝင်ဘာ (၁၃)
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်(၂) နှစ်နီးပါးအတွင်း ဌာနဆိုင်ရာတွေဟာ ပြည်သူတွေကို ပေးရမယ့် ဝန်ဆောင်မှုတွေကို အပြည့်အဝပေးတာမရှိတော့ဘူးလို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေဟာ ပြည်သူတွေကို ပုံမှန်ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းတွေဖြစ်တဲ့ လျှပ်စစ်မီးဖြန့်ဝေတာ၊ ရေပေးဝေတာနဲ့ အမှုအခင်းပြဿနာတွေကိုတောင် ဖြေရှင်းပေးတာမရှိတော့တဲ့ အခြေအနေဖြစ်နေတာပါ။
သူတို့တွေဟာ လုံခြုံရေးအကြောင်းပြပြီး ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက် ပေးတာမရှိတော့သလို အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံတာနဲ့ ငွေကြေးမပေးရင် လုပ်ဆောင်ပေးဖို့ ငြင်းဆန်တဲ့ အခြေအနေတွေထိ ပြည်သူတွေရင်ဆိုင်နေရတာပါ။
ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို အရင်လို ဝန်ဆောင်မှုအပြည့်အဝမပေးတော့တဲ့ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ ရှိနေသလို တချို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတဲ့ အခြေအနေမှာရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်း တစ်ခုက တာဝန်ရှိသူက ပြောပါတယ်။
“တချို့ နေရာမှာတော့ ဆုံးရှုံးနေတာတွေ ရှိတယ်။ လုံခြုံရေး အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ ကဏ္ဍတွေမှာတော့ ရှိနေသေးတာပေါ့နော်။ သူတို့တွေက ငြင်းဆန်မှုတွေက ရှိနေတယ်။တစ်ခါတလေကျရင် တချို့တွေက အခက်အခဲဖြစ်တော့ ပြည်ပ ထွက်ခွာသွားရတဲ့ အမျိုးသမီးတွေ ရှိသလို၊ တချို့ ကလေးတွေမှာလည်း ဘဝပျက်သွားတာမျိုးတွေ ရှိတာပေါ့။ အခုခက်ခဲတဲ့ အပေါ်မှာ ကိုယ့်နည်း၊ကိုယ့်ဟန်နဲ့တော့ ရ အောင် ဖြေရှင်းနေကြတာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေဟာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေရဲ့ ဝန်ဆောင်မှုတွေကို ပုံမှန် အတိုင်းမရရှိတော့တဲ့အတွက် လူမှုစီးပွားတွေ ပိုမိုကျပ်တည်းလာပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ တွေဟာ ပုံမှန်အတိုင်းအခွန်အခတွေတောင်းခံနေပေမယ့် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုတော့ အရင်လိုဝန်ဆောင်မှုမပေးတော့တာကြောင့် အခက်ကြုံနေရတယ်လို့ ပြည်သူတစ်ဦးက ဆိုပါတယ်။
“ပြည်သူတွေ အနေနဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ မီတာခတွေ ခဏ ခဏ ဆောင်ရတယ်။ မီးက ပုံမှန် မလာတဲ့အပြင် အရင်ကထက် ပိုပြီးတော့ မီးပြတ်မှုတွေလည်း ပိုပြီးတော့ ကြုံတွေ့ နေရတယ်။ ရေမီတာခတွေလည်း အမြဲတမ်းဆောင်တယ်။ ရေမီတာခတွေ ဆောင်တဲ့အပြင်ကို သတ်မှတ်ချိန်ထဲမှာ ရေမလာတာတွေ ကြုံတွေ့နေရတယ်။ ကျွန်မတို့ ပြည်သူတွေ ခရီးသွားရမယ်ဆိုရင် အရင်တုန်းကဆိုရင် ဒီအတိုင်းပဲ သွားလိုက်ယုံပဲ။ အခုဆိုရင် ခရီးသွားရမယ်ဆိုရင် ရပ်ကွက် လူကြီးတွေရဲ့ လက်မှတ်တွေ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူး လက်မှတ်တွေကိုလည်း ပိုက်ဆံပေးပြီး သွားသွားပြီးတော့ ယူနေရတာပေါ့နော်”လို့ ဆိုပါတယ်။
ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက အတင်းအဓမ္မ ငွေကြေးတောင်းခံတာ၊ လျှပ်စစ်မီတာပုံးတွေကို ဖြုတ်သိမ်းတာ တွေလုပ်ဆောင်ပြီး ပိုမိုကျပ်တည်းအောင်လုပ် ဆောင်နေတာဖြစ်တယ်လို့ ပြည်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ ပေါင်းပြီး အဂတိလိုက်စားမှုတွေ ကျူးလွန်နေတဲ့အတွက် ဖမ်းဆီးအရေးယူခံရမယ့် အခြေအနေတွေက ကင်းလွတ်ခွင့်ရနေတဲ့ပုံစံဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆုတ်ယုတ်မှုတွေရှိလာပြီး ပြည်သူတွေဟာ ထမင်းနပ်မှန်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေထိဖြစ်နေသလို တချို့ဒေသတွေမှာ ထမင်းလျှော့စားရတဲ့ အခြေအ နေတွေထိဖြစ်နေပြီလို့ သိရပါတယ်။
အရင် NLD အစိုးရလက်ထက်ကတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ အခြေခံရ ပိုင်ခွင့်တွေကို မပေးဘဲ အဂတိလိုက်စားမှုတွေရှိရင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တိုင်ကြားစာကော်မတီတွေမှာ တိုင်ကြားနိုင်သလို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ တိုင်ကြားရင် အရေးယူတာတွေ သိသိသာသာရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်