သထုံ၊ နိုဝင်ဘာ (၁၂)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်မွှေနေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်းစိန်ကျေးရွာ ဒေသခံတစ်ဦးကို ဖမ်းဆီးပြီးပြန်လာတဲ့ သထုံမြို့နယ်အခြေစိုက် အမှတ်(၉) လေ့ကျင့်ရေးကျောင်းက စစ်ကောင်စီ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို သထုံမြို့နယ်(ပကဖ)က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးခဲ့တာပါ။
အဲဒီနောက် နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကောင်စီ တပ်အင်အား ၈၀ လောက်ဟာ ဝင်းစိန်ကျေးရွာထဲ ရောက်ရှိလာပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်မွှေပြီး ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ရမ်းသမ်းပစ်ခတ်နေတဲ့အတွက်ကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ၃ ရက်အတွင်း PDF ရဲဘော်တွေကို ရှာမတွေ့ရင် ဝင်စိန်းကျေးရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဝင်းစိန်ကျေးရွာက ဒေသခံတွေဟာ သထုံမြို့ပေါ် အပါအဝင် ဘေးလွတ်ရာ နေရာတွေကို ထွက် ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ဝင်းစိန်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ပြန်လည် ထွက်ခွာ ခြင်း မရှိဘဲ ကျေးရွာအနီးပတ်ဝန်းကျင်မှာ ကင်းပုန်းဝပ်တာနဲ့ တပ်စွဲနေထိုင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်