ရေး၊ နိုဝင်ဘာ (၁၂)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်တော့မှာ ဖြစ်တဲ့အတွက် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းက စာသင်ကျောင်းတွေ ပိတ်ထားပေးဖို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF)ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ၊ စစ်ကောင်စီ စခန်းတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ပွင့်လင်းကာလမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှု အရှိန်မြှင့် တင်သွားဖို့ ပြင်ဆင်ထားတဲ့အတွက် လုံခြုံရေးအရ ကလေးသူငယ်တွေ ထိခိုက်နစ်နာမှု မရှိဖို့အတွက် ကြိုတင်သတိပေးရတာလို့ ရေးမြို့နယ်(YPDF)တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်မြောက်ပိုင်း ဒေသတွေ ဖြစ်တဲ့ မော့ကနင်၊ လမိုင်း၊ ကော့ဒွတ်၊ နှစ်ကရင်၊ သောင်ပြင်ကျေးရွာတွေမှာတော့ စာသင် ကျောင်းပေါင်း ၁၀၀ ထက်မနည်း ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် ရာသီအလိုက်ပျော်ပွဲရွှင်ပွဲတွေကို အခြားနေရာထက် ရေးမြောက်ပိုင်းဘက်က နေရာတွေမှာ ပိုမိုလုပ်ဆောင်နေတာတွေရှိတဲ့အတွက် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သတိထားရှောင်ရှာပေးကြဖို့ တိုက်တွန်းတာပါ။

ရေးမြို့နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ပြီး လုံခြုံရေးအထူးတင်းကျပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.