မော်လမြိုင်၊ နိုဝင်ဘာ (၁၂)
မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ တိုက်ပွဲ ရှောင်လွှဲဖို့သာ ဖြစ်ပြီး တိုက်ပွဲရှောင်လွှဲချင်ရင် တခြားနည်းလမ်း စဉ်းစားသင့်တယ်လို့ တိုင်းရင်းသားအရေးလေ့လာသုံး သပ်သူတွေက ပြောဆိုလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီဟာ မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်တွေ ကန့်ကွက်နေတဲ့ကြားက ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ နေပြည်တော်မှာ တတိ ယအကြိမ် သွားရောက်ဆွေးနွေးခဲ့တာပါ။
မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦဆောင်တဲ့အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဒေါက်တာ ပညာမွန်ကတော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ သွားရောက် တွေ့ဆုံမှုဟာ တိုက်ပွဲ ရှောင်လွှဲဖို့သာ ဖြစ်ပြီး တိုက်ပွဲ ရှောင်လွှဲချင်ရင် တခြားနည်းလမ်းစဉ်းစားသင့်တယ်လို့ ထောက်ပြတာပါ။
“သူတို့ဟာ ဘာကြောင့် SAC ကိုသွားဆွေးနွေးသလဲဆိုတော့ ဒါက ဆက်ဆံရေးပါပဲ။ SAC နဲ့ ဆက်ဆံရေး မပျက်အောင်ပါ။ စစ်မဖြစ်အောင် သူတို့သွားဆွေးနွေးတဲ့ သဘောပါပဲ။ စစ်မဖြစ်အောင်တစ်ခုတည်းနဲ့တော့ သွားဖို့ မလိုပါဘူးလေ။ တခြားနည်းလမ်းလည်း ရှိပါတယ်” လို့ပြောပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ဒုတိယအကြိမ်ဆွေးနွေးခဲ့စဉ်က မပြီးပြတ်သေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ဇယား ၂ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဥပဒေပြုစာရင်းအပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂) နဲ့(၃)တို့ပါ သ ဘော တူညီချက်တွေကို ထပ်မံဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေး နွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ မွန်အဖွဲ့အစည်း (၁၀) ဖွဲ့ကတော့ စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲဟာ အတုအယောင်သာဖြစ်တဲ့အတွက် ထပ်မံ မတွေ့ဆုံဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က အိတ်ဖွင့်စာ ပေးပို့ထားသလို စစ်တမ်းတစ်ခုကနေလည်း စစ်ကောင်စီနဲ့ ဆွေးနွေးတာ မလုပ်ဖို့ မွန်လူထုတွေ သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမယ့် မွန်ပြည်သစ်ပါတီကတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ တတိယအကြိမ် ထပ်မံ သွားရောက် ဆွေးနွေးနေပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့အစည်း (၁၀) ဖွဲ့ထဲမှာ အကြိမ်ရေ အများဆုံး တွေ့ဆုံခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးလိုချင်တဲ့ ဆန္ဒသဘောထားကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်တာပါ။
“ဒီနေ့ဒီအချိန်မှာ သူတို့ (စကစနဲ့ မွန်ပြည်သစ်) နားလည်မှု သဘောတူညီချက်ယူတယ်ဆိုတဲ့ဟာက ဒီမိုကရေစီဆန်ဆန် ပြည်သူတွေရဲ့ ဆန္ဒသဘောထားအပေါ်မှာ အခြေခံပြီး ဆွေးနွေးနေကြတယ်လို့တော့ ပြောလို့မရဘူး။
လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ နိုင်ငံရေးပါတီ သဘောအရသော်လည်းကောင်း ဒါမှမဟုတ် တခြားအကျိုးအမြတ်သော်လည်းကောင်း အဲဒီလိုမျိုး အကျိုးအမြတ်အပေါ် အခြေပြုပြီးတော့ သူတို့ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ပဲ ပြောလို့ရမယ်။
တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးလိုချင်တဲ့ ဖြစ်ချင်တဲ့ဆန္ဒသဘောထားကို ဖော်ဆောင်ဖို့အတွက် လုပ်နေတဲ့ လုပ်ငန်းစဉ်ဟုတ်တယ်လို့ ပြောလို့မရဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိကာလဟာ ဒီမိုကရေစီစနစ်မဟုတ်တဲ့အတွက် စစ်အာဏာရှင်စနစ်နဲ့ ညှိနှိုင်းဆွေးနွေးပြီး ထွက်လာတဲ့ ရလဒ်ဟာ ဒီမီုကရေစီနည်းကျ ရလာမယ့် နားလည်သဘောတူညီမှု ဖြစ်မှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီနဲ့ တတိယအကြိမ် ငြိမ်းချမ်းရေးသွားရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူထံ သံလွင်တိုင်းမ်က ၅ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
သတင်း – သံလွင်တိုင်းမ်