မော်လမြိုင်၊ နိုဝင်ဘာ (၁၂)
မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ အထွေထွေအကျပ်အတည်းတွေကြောင့် မကြာမီကာလအတွင်း ပြိုလဲလာနိုင်တယ်လို့ အဝေးပြေးယာဉ်ပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ခရီးသည်နဲ့ ကုန်ပစ္စည်း ရရှိမှု သိသိသာသာ ကျဆင်းလာတဲ့အတွက် ဆက်လက် ရပ်တည်ဖို့ အခက် ကြုံနေရတာပါ။
ဒါ့အပြင် အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်တွေကြောင့် လမ်းခရီးကြန့်ကြာတာ၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ငွေကြေးတောင်းယူ ခံရတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။
အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ တဖက်မှာတော့ ဘဏ်တွေကနေ ချေးငွေနဲ့ ဝယ်ယူထားတဲ့ မော်တော်ယာဉ်တွေအတွက် ချေးငွေပြန်မဆပ်နိုင်တာကြောင့် မော်တော်ယာဉ်တွေ အသိမ်းခံနေရတာ ဖြစ်ပါတယ်။
အဝေးပြေးယာဉ်လိုင်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။“ကားလိုင်းတွေ ဆိုရင် တော်တော်များများ ပြုတ်ကုန်ကြပြီလေ။ အခုဆို ကုန်ကားတွေ အရင်း မရကြတော့ဘူး။
အရစ်ကျနဲ့ ဝယ်ထားတဲ့ ကားတွေ တော်တော်များများ အားလုံး နီးပါးကို ပြန်အပ်ရတဲ့ အခြေ အနေမျိုးကို ရောက်ကုန်ကြပြီ။ အကြွေးနဲ့ ဝယ်ထားတဲ့ ကားတွေ တော်တော်များများ ဘဏ်တွေက လိုက်သိမ်းနေတဲ့အတွက် ကားတွေ ပြန်ပြီး ထိုးအပ်တဲ့အခြေအနေကို ရောက်နေပြီ” လို့ ဆိုပါတယ်။
ဘဏ်ချေးငွေနဲ့ ဝယ်ယူထားတဲ့ မော်တော်ယာဉ်တွေဟာ ဝယ်ယူစဉ်က ကနဦး သွင်းငွေ (၃၀) ရာခိုင်နှုန်းကနေ (၄၀)ရာခိုင်နှုန်းထိ သွင်းထားကြပေမယ့် နောက်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် လစဉ်ငွေကြေး မသွင်းနိုင်တော့တဲ့ အတွက် အသိမ်းခံနေရတာ ဖြစ်ပါတယ်။
ချေးငွေနဲ့ ဝယ်ယူထားတဲ့ မော်တော်ယာဉ်တွေကို သိမ်းဆည်းရာမှာ ဘဏ်တွေက စာချုပ်ပါ အချက် အလက်အရဆိုပြီး ကနဦး သွင်းထားတဲ့ ငွေကြေးတွေကိုလည်း ပြန်လည် ပေးဆောင်တာ မရှိဘူးလို့ အဝေးပြေးယာဉ်လိုင်း ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
“ဒီလိုမျိုး အခက်အခဲတွေ ဖြစ်နေတဲ့အချိန်မှာ သူတို့ လစဉ်သွင်းရမယ့် ပုံမှန်ငွေတွေကို မသွင်းနိုင်တော့တာ။ အဲဒါတွေက လတွေပြည့်တဲ့ အချိန်ရောက်တော့ ရောင်းထားတဲ့ သူက အကြွေးစနစ်နဲ့ ရောင်းထားတော့ ပြန်လည်သိမ်းဆည်တဲ့ ပုံစံ ဒီလောက်ပါပဲခင်ဗျ။ ကနဦးပေးသွင်းငွေကို မထုတ်ပေးပါဘူး။ အရှုံး သဘောမျိုးနဲ့ သူတို့က လုပ်ရတာကိုး။ နောက်တော့ ဝယ်တဲ့သူဘက်ကတော့ သူရဲ့ စာချုပ်၊စာတမ်း သက်တမ်း ပြည့်လို့မှ မပေးနိုင်ရင်တော့ နဂိုက စာချုပ်ချုပ်ထားတဲ့လနဲ့ ဒါကတော့ သူရဲ့ယာဉ်ကို ပြန်လည်သိမ်းဆည်တာ တစ်ခုပဲရှိပါတယ်”လို့ ဆိုပါတယ်။
မော်တော်ယာဉ်တွေ သိမ်းယူခံရတဲ့အတွက် ယာဉ်လိုင်းတချို့ ပြေးဆွဲမှု လျော့ချလာသလို တချို့ယာဉ်တွေကတော့ အပြီးပိုင် ရပ်နားတာတွေလည်း ရှိလာခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်ကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းနဲ့ ကုန်တင်ကားလိုင်း ၁၀၀ ထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းမှုဒဏ်ကို တခြားလုပ်ငန်းတွေ နည်းတူ အလူးအလဲ ခံစားနေရသလို အဝေးပြေးယာဉ်လိုင်းတွေ ရပ်နားလာတဲ့အတွက် အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ အလုပ်သမား ထောင်နဲ့ချီ မိသားစု စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။
သတင်း – သံလွင်တိုင်းမ်