ဘီးလင်း၊ နိုဝင်ဘာ (၁၂)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းနဲ့ ဂိတ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောတယ်။
ဒီကနေ့ မနက် ၆ နာရီက ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေက RPG အပြင် ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ ကားတစ်စီး ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ မနက် ၇ နာရီလောက်မှာ KNLA ပူးပေါင်းအဖွဲ့က ဒေါက်ရပ်ကျေးရွာ ဘီးလင်းတိုးဂိတ်ဟောင်းနားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
KNLA ပူးပေါင်းအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မရှိဘူးလို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ ပစ်ခတ်ခံရသလို စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က ၄ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ထားတာပါ။
သတင်း -သံလွင်တိုင်းမ်