ကရာချီ – နိုဝင်ဘာ(၁၂)
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရမ်ခမ်းဟာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး တစ်ပတ် အကြာမှာ သူ့ရဲ့ ထောက်ခံသူတွေကို အစိုးရဆန့်ကျင်ရေး ချီတက်ပွဲတွေ ဆက်လုပ်ဖို့ ပြောဆို ခဲ့ပြီး တစ်ဦးတည်သော သေနတ်သမားက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ရဲအစီရင်ခံစာကို လည်းပယ်ချလိုက်ပါတယ်။
အသက်(၇၀) အရွယ် ခရစ်ကတ်ချန်ပီယံဟောင်းဖြစ်တဲ့ ခမ်းဟာ ပြီးခဲ့တဲ့ ဧပြီလက ပါလီမန်မှာ မဲခွဲဆုံးဖြတ်ပြီး ဖြုတ်ချခံခဲ့ရတာပါ။
ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရပြီးနောက် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဖိအားပေးတဲ့ လူထုစုဝေးပွဲမှာ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အရှေ့ပိုင်းမြို့မှာ ချီတက်ဆန္ဒပြပွဲပြန်လည် စတင်ချိန် အလုပ်သမားရာဂဏန်းကို ခမ်းက မိန့်ခွန်း ပြောဆိုချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သူနဲ့အတူ(၁၀) ဦးဒဏ်ရာရရှိခဲ့ကာ အဲ့ဒီထဲက တစ်ဦးက သေဆုံးသွားတယ်လို့ သိရပါတယ်။
ချီတက်သူတွေရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ ထူထပ်စွာ ချထားတယ်လို့ ရဲအရာရှိတစ်ဦး ကပြောခဲ့ပြီး ခမ်းကတော့ သူတို့ရဲ့ ချီတက်ဆန္ဒပြပွဲတွေကို ရပ်တန့်မှာမဟုတ်ဘဲ အင်အားထပ်မံ စုဆောင်းသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ခမ်းဟာ အတိုက်အခံတွေနဲ့အတူ ရာထူးက နုတ်ထွက်ချိန်ကစပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ တောင်းဆိုဖို့ လူထုစုဝေးပွဲတွေကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မခေါ်သရွေ့ ချီတက်ပွဲတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး ဘယ်အရာကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပြီး အနီးပတ်ဝန်းကျင်မြို့တချို့ကလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ ရဲမှတ်တမ်းမှာ ခမ်းက သူ့ရဲ့ ထောက်ခံသူတွေကို လက်ဝှေ့ယမ်း ပြနေစဉ် မိုဟာမက် နာဗီဒ်လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးက ပစ္စတို သေနတ်နဲ့ အခမ်းအနားမှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ခမ်းကို ပစ်ခတ်ချိန်မှာ သေနတ်သမားကို သူ့ရဲ့ ထောက်ခံသူတစ်ဦးက ဝင်ရောက်ဟန့်တားပြီး နောက်ရဲတပ်ဖွဲ့က သေနတ်သမားကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ခမ်းက ပျယ်ချထားကာ အနည်းဆုံးသူ့ကို လူနှစ်ဦးက လုပ်ကြံဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
သေနတ်သမားဟာ ဘာသာရေးကိုအခြေခံပြီး တိုက်ခိုက်မှုကို ကိုယ်တိုင်လုပ်ဆောင်ခဲ့ကာ ကိုယ်ကိုကိုယ် လှုံ့ဆောင်မှုနဲ့ ကျူးလွန်ခဲ့သူဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါ တယ်။
လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ ဝန်ကြီးချုပ်နဲ့ ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီ(ISI) တို့ပါဝင်တယ်လို့ ခမ်းက စွပ်စွဲထားပြီး အစိုးရနဲ့ စစ်ဘက်ဆိုင်ရာတွေကတော့ ဒီစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန်ငြင်းဆိုထားပါတယ်။
Ref: CN A