ဆိုးလ်၊ နိုဝင်ဘာ (၁၂)
တောင်ကိုရီးယား ဆိုးလ်မြို့က လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တဲ့ ဟောလိုဝင်းပွဲတော် လူအုပ်ပိမှုဖြစ်စဉ် စုံစမ်း စစ်ဆေးနေတဲ့ ရဲအရာရှိတစ်ဦးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် အမျိုးသားဖြစ်သူ Jeong(ဂျောင်) လို့ ဖော်ပြထားတဲ့ အဲဒီရဲအရာရှိကို ဆိုးလ်မြို့ရှိ သူ့ရဲ့ နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ (တောင်ကိုရီးယား) အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ က ဆိုပါတယ်။
ထောက်လှမ်းရေးအရာရှိဖြစ်သူ ဂျောင်ဟာ တောင်ကိုရီးယား မြို့တော် ဆိုးလ်ရှိ လူအုပ်ပိမှုဖြစ်ပွားခဲ့တဲ့ ဖျော်ဖြေရေးဧရိယာ အီတဲဝန် ခရိုင်ခွဲရှိ ရဲစခန်းကို ကြီးကြပ်ရတဲ့ ရဲအရာ ရှိတစ်ဦးလည်း ဖြစ်ပါတယ်။
လူစု၊လူဝေး ထိန်းချုပ်ရေးအတိုင်းအတာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အဲဒီဖြစ်ရပ်ဆိုးကြီးအတွက် စုံစမ်းစစ် ဆေးမှုတွေကို အဓိကလုပ်ဆောင်ခံနေရတဲ့ ယွန်းဆန်းရဲစခန်းဟာ သေဆုံးသူ ဂျောင် တာဝန်ယူကြီးကြပ်တဲ့ ရုံးဖြစ် ပါတယ်။
လူအုပ်ပိမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအရာရှိတွေက အဲဒီရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ဖူးပါတယ်။
အခုလ အစောပိုင်းမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အရေးပေါ်ခေါ်ဆိုမှု မှတ်တမ်းတွေမှာ လူအုပ်ပိမှု မဖြစ် ပွားခင် လေးနာရီလောက်ကတည်းက လူစုလူဝေးတိုးကြိတ်ရာမှ အန္တရာယ်ရှိလာနိုင်ကြောင်း သတင်းပေးတဲ့ ဖုန်းခေါ်ဆိုမှု ၁၁ ခုကို Hotline မှ လက်ခံရရှိခဲ့ပါတယ်။
ဒါပေမယ့် အရေးယူဆောင်ရွက်မှု ပျက်ကွက်ခဲ့ခြင်းကြောင့် ဒီလိုဖြစ်ရပ်ဆိုးပေါ်ပေါက်ခဲ့ရတယ်လို့ ဝေဖန်မှုတွေ လည်း ခံနေရတာပါ။
လူအုပ်ပိမှုကြောင့် သေဆုံးသူ ၁၅၆ ဦးရှိပြီး သေဆုံးသူတွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးငယ်တွေ ပါဝင်ပြီး ဆယ်ကျော်သက်တွေသာမက နိုင်ငံခြားသား ၂၄ ဦးလည်း သေဆုံးခဲ့ရပါတယ်။
ကိုဗစ်ကပ်ဘေးအလွန်ကာလမှာ ပထမဦးဆုံးအကြိမ် ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်တဲ့ အဲဒီနေရာကို အနည် းဆုံး လူပေါင်းတစ်သိန်းကျော် ရောက်ရှိခဲ့ပေမယ့်လည်း ဒေသခံအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့တွေဟာ ဒီလို ကြီးမားတဲ့ လူစုလူဝေးအတွက် ထိန်းချုပ်ရေးစီမံရေး အတိုင်းအတာတွေကို စီစဉ်ထားခဲ့ခြင်းမရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ တောင်ကိုရီးယားရဲ့ လက်တစ်ဆုပ်စာ ထိပ်တန်းအရာရှိတွေ ဖြစ်တဲ့ ရဲတပ်ဖွဲ့အကြီးအကဲ၊ ဆိုးလ်မြို့တော်ဝန်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ဟာ ပြည်သူလူထုထံသို့ ဝန်ချတောင်းပန်ခဲ့ပြီး ဒီဖြစ်ရပ်ကို ကာကွယ်တားဆီးဖို့ ပျက်ကွယ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြတာပါ။
ဂျောင်ဟာ အီတဲဝန် ဟောလိုဝင်းပွဲရဲ့ ဖြစ်နိုင်ချေရှိသော မတော်မတဘေးအန္တရာယ်ကို သတိပေးရေးသားတဲ့ ထောက်လှမ်းရေး မှတ်တမ်းတစ်ခုကို ဖျောက်ဖျက်ဖို့အမိန့်ပေးခဲ့သူလို့ စွပ်စွဲခံထားရပြီး အခြားသော စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
အီတဲဝန် လူအုပ်ပိမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်မှုအပေါ် လူထုရဲ့ ဒေါသ ကြီးမားလာလျက်ရှိ နေပါတယ်။ ထောင်နဲ့ ချီတဲ့ လူတွေဟာလည်း သေဆုံးသူတွေအတွက် ဆုတောင်းပေးဖို့ ဆိုးလ်မြို့မှာ စုဝေးခဲ့ကြပါတယ်။
Ref;CNA