ကျိုက်မရော၊ နိုဝင်ဘာ (၁၂)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို ဒီကနေ့ မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ(၁၂)ရက်နေ့ မနက်(၅)နာရီအချိန်ခန့်ကစပြီး ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
“ကြာအင်းဆိပ်ကြီးသွားတဲ့လမ်း ချောင်းနှစ်ခွတံတားအနီး ရဲစခန်းမှာ၊ ချောင်းနှစ်ခွစခန်းကို သိမ်းလိုက်ပါပြီ၊ ရဲတွေလည်း သေသွားတယ်။ လေယာဉ်နဲ့ဗုံးလာကြဲသွားပါတယ်၊အသံတွေက အကျယ်ကြီး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်မှ ချောင်းနှစ်ခွရဲစခန်းအသိမ်းခံလိုက်ရပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး လက်ရှိအချိန်အထိလည်း လေယာဉ်ပျံဝဲမှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။
သံလွင်တိုင်းမ်က ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ ချောင်းနှစ်ခွရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင် စီရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်နေရပါတယ်။
သတင်း- သံလွင်တိုင်းမ်