လွိုင်ကော်၊ နိုဝင်ဘာ (၁၂)

နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ နိုဝင်ဘာ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၁) ရက်နေ့က လွိုင်ကော်မြို့နယ် လင်ဖုံကြီးနဲ့ဝမ်ပန်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နိုဝင်ဘာလ(၄) ရက်နေ့မှာတော့ လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာမှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ (၉) ရက်နေ့ ညပိုင်းက စစ်ကောင်စီဖယ်ခုံအမြောက်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကယန်းအနောက်ဘက်ခြမ်း ကျေးရွာတွေဖြစ်တဲ့ လအိရွာမှာ (၃) လုံး ကျရောက် ပေါက်ကွဲခဲ့တာပါ။

အဲဒီလက်နက်ကြီး ကျည်ဟာ လအိရွာက ဒေသခံနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရွာသား(၄)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဝမ်းဗိုက်ထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့ အသက်(၅၆)နှစ်အရွယ်အမျိုး သား တစ်ဦးဟာ စိုးရိမ်ရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ အရပ်သားတွေ နေထိုင်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေကို လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ အမြဲလို ပစ်ခတ်နေတဲ့အတွက် ထိခိုက်သေဆုံးတာတွေ ရှိနေတာ ဖြစ်ပါတယ်။

ကယားပြည်နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂ သိန်းလောက်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပုန်းခိုးနေထိုင်ရသလို လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.