ရန်ကုန်၊ နိုဝင်ဘာ (၉)
အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်တွေအနေနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျတဲ့ ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မယ်လို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာ နှစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အခုလို သဘောထား ထုတ်ပြန်လိုက်တာပါ။
ကမ္ဘာ့ ကပ်ရောဂါ COVID 19 ရဲ့ စိန်ခေါ်မှုတွေကြားကနေ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီရှိပြီး ရွေးကောက်ပွဲအနိုင်ရ ၁၉ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေထဲက တိုင်းနဲ့ ပြည်နယ် ၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ အနိုင်ရရှိခဲ့ကြတာပါ။
အဲဒီရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နယ်ထဲက ၁၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့နိုင်တာထက် ကျော်လွန်တဲ့ ထောက်ခံမှု ၈၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့တာပါ။
ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ မဲစာရင်း မှားယွင်းတဲ့ အကြောင်း ပြချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်ပြီး နိုင်ငံတော်ရဲ့ အာဏာကို အဓမ္မလုယူကာ ပါတီခေါင်း ဆောင်တွေကို မတရားဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ NLD ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကို လိုက် လံ ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ချိတ်ပိတ်တာ၊ ပါတီရုံးချုပ်အပါ အဝင် ရုံးတွေကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာ၊ ပါတီပိုင် ပစ္စည်းတွေကို အဓမ္မယူဆောင်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ NLD က ထုတ်ပြန်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းတွေ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ရဲ့ အောက်တိုဘာလအထိ စာရင်းတွေအရ ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် အဖွဲ့ချုပ်ဝင် စုစုပေါင်း ၁၁၆၉ ဦးရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားချိန် ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ၆၇ ဦးရှိပြီး ပါတီရုံးတွေအတွင်း ကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ်ရှိကာ ပါတီဝင်၂၇၄ ဦးနဲ့ ပိုင်ဆိုင်မှုနေအိမ်တွေ ချိတ်ပိတ်သိမ်းဆည်းခံရမှုမှာ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေတာကို တွေ့ရှိရတဲ့အတွက် လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ NLD ပါတီက ထုတ်ပြန်တာပါ။
ဒါ့အပြင် စစ်မှန်တဲ့ ကိုယ်စားပြုမှုရှိတဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဦးစားပေးဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖေါ်သင့်တယ်လို့ NLD ပါတီက တောင်းဆိုထားပါတယ်။
စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖေါ်ထုတ်အရေးယူနိုင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ ကမ္ဘာ့နိုင်ငံတွေကပါ အခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြဖို့ NLD က မေတ္တာရပ်ခံ တိုက်တွန်းထားတာပါ။
သတင်း – သံလွင်တိုင်းမ်