ကော်သူးလေ ၊ နိုဝင်ဘာ (၈)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အောက်တိုဘာလ တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် လက်နက်ချ အဖမ်းခံခဲ့ပြီး တပ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တစ်လအတွင်း KNLA KNDO တပ်နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တိုက်ပွဲပေါင်း(၂၈၆)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF ဘက်က (၃၆၉)ဦးသေဆုံးပြီး (၃၀၂)ဦး ဒဏ်ရာရရှိခဲ့ကာ KNLA ၊ KNDO ဘက်မှာတော့ (၆)ဦးကျဆုံးပြီး (၄၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလထဲမှာ စစ်ကောင်စီတပ်က တပ်သား(၄)ဦးဟာ လက်နက်အပြည့်အစုံနဲ့ KNLA ထံ အလင်းဝင်ရောက်လာခဲ့ပြီး စစ်မြေပြင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၂)ဦးမှာ လက်နက်ချအဖမ်းခံခဲ့ကာ တပ်သား(၁)ဦးကိုလည်း အရှင်းဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်အတွင်းမှ တပ်ဖွဲ့ဝင်(၂)ဦးဟာ စခန်းတွင်းနေစဉ် မိမိကိုယ်ကို အဆိပ်သောက်သတ်သေခဲ့ပြီး အခြား (၂)ဦးမှာလည်း ရောဂါကြောင့် သေဆုံးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်အသုံးပြုတဲ့ ယာဉ်(၁၈)စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က ဖျက်ဆီးနိုင်ခဲ့ပြီး KNLA KNDO တို့အပေါ် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု(၆)ကြိမ်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က တပ်ရင်းပေါင်း(၅၀)ကျော်နဲ့ နယ်ခြားစောင့်တပ် BGF ဘက် တပ်ရင်း(၄)ရင်းတို့မှ ပူပေါင်းပြီး နယ်မြေစိုးမိုးနိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လျက်ရှိတဲ့အတွက် KNLA KNDO တပ်တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်တွေ နေ့စဉ်ဖြစ်ပွားလျက်ရှိတယ်လို့ KNU က ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတာကြောင့် ပြည်သူလူထု (၃)သိန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး (၁)သိန်းကျော်မှာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.