ရေး၊ နိုဝင်ဘာ (၈)

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ နယ်မြေမတည်ငြိမ်တာအပြင် လုံခြုံရေး အခြေအနေတွေကြောင့် လုပ်ငန်း ခွင်ဝင်ဖို့ အခက်ကြုံနေရတယ်လို့ ရေးဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်ဟာ ရော်ဘာ၊ စပါး၊ ကွမ်းသီးအပါအဝင် ဥယျာဉ်ခြံလုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားတာအပြင် စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ထိခိုက်နစ်နာမှုတွေ ရှိနေတာပါ။

လက်ရှိမှာ ခြံလုပ်ငန်း ရာသီအစနဲ့ စပါးရိတ်သိမ်းကာလ ဖြစ်လာပေမယ့် လုံခြုံရေး အခြေအနေတွေကြောင့် လုပ်ငန်းခွင်ဝင်ဖို့ စိုးရိမ်နေရတယ်လို့ ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ခြံသမားတွေ သွားဖို့ကလည်း ယာဉ်တန်းလာရင် မသွားရဲတော့ဘူး။ သူတို့က ရမ်းပစ်နေတယ်၊ ဘာညာပေါ့လေ။ အဲဒီလို ဖြစ်လာတော့ ဒေသခံလူတွေက လန့်ပြီးတော့ မသွားရဲတော့ဘူး။ ကွမ်းသီးတို့ ၊ရော်ဘာခြစ် သမားတွေပေါ့လေ။ မွန်ပြည်နယ်မှာတော့ ကွမ်းသီးနဲ့ ရော်ဘာပဲ အဓိကထား အလုပ်လုပ်နေကြတယ်။ ရော်ဘာလေးတစ်ခုမရရင်တော့ အဆင်တော့ မပြေတော့ဘူးပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံဌာနဆိုင်ရာရုံးတွေ မကြာခဏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရေးမြို့နယ်အတွင်း ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးအတွက်ဆိုပြီး ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဒေသန္တရအမိန့်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားမပါဘဲ နယ်မြေကျော် ခရီးသွားလာခွင့် မပြုတာ၊ ဆိုင်ကယ်စီးနင်းရာမှာလည်း အမျိုးသားနှစ်ဦး မစီးရ၊ ရေးမြို့အတွင်း မည်သည့်ယာဉ်နဲ့ လူတွေမဆို ည ၈ နာရီကနေ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတာကြောင့် အခက်ကြုံနေရတာပါ။

ဒါ့အပြင် ဒေသခံတွေဟာ ရေး-သံဖြူ ဇရပ်-ထားဝယ်ကားလမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် လုပ်ငန်းခွင်ဝင်ဖို့ အမြဲလို စိုးရိမ်ပူပန်မှုတွေနဲ့ ကြုံနေရတာပါ။

“အစေးတွေ ဘာတွေ မခြစ်ရဲဘူးပေါ့၊ တိုက်ပွဲ ဖြစ်ပြီးရင်တော့ သွားခြစ်ရဲတယ်၊ အခက်အခဲကတော့ တိုက်ပွဲတစ်ခုပဲပေါ့” လို့ ပြောပါတယ်။

ရေးဒေသခံတွေကတော့ လက်ရှိကာလဟာ ရော်ဘာ၊ ကွမ်းသီးနဲ့စပါးတွေဟာ အချိန်အခါနဲ့ ရိမ်သိမ်းရဖြစ်လို့ လုပ်ငန်းခွင် ပျက်ကွက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး အကျိုးစီးပွားတွေ ထိခိုက်မှုရှိနေတယ်လို့ ဆိုကြပါတယ်။

တဖက်မှာတော့ ခြံလုပ်သားတွေဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ကားလမ်းဘေးတွေမှာ ကင်းပုန်းဝပ်တာတွေ ရှိနေတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာပါ။

လက်ရှိမှာ စစ်ကောင်စီဟာ ရေးဒေသကို လုံခြုံရေး အထူးတင်းကျပ်ထားပြီး ပိတ်ဆို့စစ်ရှာဖွေ စစ်ဆေးမှုတွေကြောင့် ဒေသခံတွေမှာလည်း သွားရေးလာရေးနဲ့ မိသားစု စားဝတ်နေရေး ပြဿနာကိုပါ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.