တိုင်ပေ၊ နိုဝင်ဘာ (၈)

ကုန်သွယ်ရေးဆွေးနွေးပွဲတစ်ခုအတွက် ဗြိတိန်ဝန်ကြီးတစ်ဦး ထိုင်ဝမ်ကို အခုသီတင်းပတ်အတွင်း သွား ရောက်ရန်ရှိနေပြီး ထိုင်ဝမ်သမ္မတနဲ့လည်း တွေ့ဆုံဖို့ရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးရုံးက နိုဝင်ဘာ (၇)ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဒီလို အနောက်တိုင်းအစိုးရနဲ့ ကျွန်းစုနိုင်ငံ ထိုင်ဝမ်တို့အကြား နောက်ဆုံးအဆင့် ထိတွေ့ဆက်ဆံမှုအပေါ် ဘေးဂျင်းအစိုးရက  ဒေါသူပုန်ထနေခဲ့တာပါ။  

တရုတ်နိုင်ငံဟာ  ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ၎င်းတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ပြီး ထိုင်ပေနဲ့ နိုင်ငံခြားအစိုးရတွေအကြား တရားဝင် အပြန်အလှန်ဆက်ဆံမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာ ကုန်သွယ်မှုဌာနက ကုန်သွယ်ရေးဝန်ကြီးနဲ့ ပါလီမန်အမတ်တစ်ဦးတို့နှစ်ဦးဟာ ထိုင်ဝမ်သမ္မတနဲ့ တွေ့ဆုံကာ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ၂၅ ကြိမ်မြောက် ဗြိတိန်-တိုင်ပေ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ပူးတွဲကျင်းပမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“တိုင်ပေကို လူကိုယ်တိုင်လာရောက်လည်ပတ်ခြင်းဟာ ဗြိတိန်-တိုင်ပေ ကုန်သွယ်မှု တိုးမြှင့်ဖို့နဲ့ ဗြိတိန်ရဲ့ ကတိကဝတ်ကို ထင်ရှားစွာ ပြသခြင်းဖြစ်ပါတယ်” လို့ ဗြိတိန်ဘက်မှ ထုတ်ပြန်ကြေငြာချက်မှာ  ဖော်ပြ ထားပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံဟာ  အခြားနိုင်ငံတွေနဲ့ ထိုင်ဝမ်ကြား သံတမန်သဘောအရ တရားဝင် ဖလှယ်မှု ပုံစံကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ပြောကြားခဲ့တာပါ။

ဒါပေမယ့်လည်း ထိုင်ဝမ်ရဲ့ ထိပ်တန်းကုန်သွယ်ရေးညှိနှိုင်းရေးမှူး ဂျွန်ဒဲန် နဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဝန်ကြီး ဝန်မီဟွာ Wang Mei-hua တို့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်စီးပွားရေး ဝန်ကြီးဌာနက အဲဒီအစည်းအဝေးတွေအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး အစည်းအဝေး တွေမှာတော့ မီဒီယာတွေတက်ရောက်ခွင့်ကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်လိုပင်  ဗြိတိန်ဟာလည်း ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံ တိုးတက်တဲ့ သဘောတူညီချက် (CPTPP) ကိုလည်း ပါဝင်ဖို့ ကမ်းလှမ်းထားပါတယ်။ ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် ကုန်သွယ်မှု ဆက်ဆံရေးအသစ်တွေကို ရှာဖွေနေတာကြောင့် ဗြိတိန်ရဲ့ လျှောက်ထားမှုကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ ဖေဖော်ဝါရီမှာ အဖွဲ့ဝင်တွေက သဘောတူညီခဲ့ကြတာပါ။

အဲဒီ CPTPP သဘောတူညီမှုတွေထဲကို တရုတ်ဘက်ကလည်း ဝင်ရောက်လိုနေတာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ့်လည်း ၎င်းတို့နှစ်ဦးဟာ စီးပွားရေးနဲ့ အလွတ်သဘော ဆက်ဆံရေးတွေရှိပြီး ဗြိတိန်ဟာ တိုင်ပေမြို့တော်မှာ သူ့ရဲ့ ဒီဖက်တို de facto သံရုံးကို ဆက်လက်ဖွင့်လှစ်ထားတာပါ။

ဘေဂျင်းရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေရှိနေပေမယ့်လည်း အနောက်တိုင်းလွှတ်တော်အမတ်တွေနဲ့ အခြား အရာရှိတွေဟာ ထိုင်ဝမ်ကို လာရောက်လည်ပတ်မှု အရှိန်မြှင့်လျက်ရှိနေပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ Nancy Pelosi  ထိုင်ပေကို သွားရောက်လည်ပတ်ပြီးနောက် သြဂုတ်လမှာတော့ ထိုင်ဝမ်အနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့တာပါ။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.