သထုံ၊ နိုဝင်ဘာ (၆)

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ HRS တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးဟာ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သထုံမြို့နယ်အခြေစိုက် Hawk Revolutionary Squad-HRS တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ မိုင်းစမ်းသပ်ရင်း မိုင်းမတော်တဆမှုဖြစ်ပွားပြီးနောက် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားတဲ့ ရဲဘော် နှစ်ဦးဟာ အသက် ၂၁ နှစ်အရွယ် ရဲဘော်ထွန်းထွန်း(ခေါ်)အထွန်းနဲ့ အသက် ၂၉ နှစ်အရွယ် ရဲဘော်ဝေဖြိုးဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးရဲ့ ဈာပနကိုတော့ နိုဝင်ဘာ ၂ ရက်နေ့မှာပဲ ပြုလုပ်ပေးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူး စောကျော်မြင့်က ပြောပါတယ်။

ရဲဘော် ၂ ဦးကျဆုံးသွားတာဟာ အဖွဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်ပြီး ဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်တဲ့အထိ ကျန်ရှိရဲဘော်ရဲဘက်တွေကနေ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ HRS က ထုတ်ပြန်ပါတယ်။

သထုံမြို့နယ်အခြေစိုက် Hawk Revolutionary Squad-HRS တပ်ဖွဲ့ဟာ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ လက်အောက်ခံ တပ်ဖွဲ့ တစ်ခု ဖြစ်ပြီး စစ်အာဏာရှင် ကျဆုံးရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.