လောင်းလုံး၊ နိုဝင်ဘာ (၆)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာနဲ့ခမောင်တောင်အနားမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရမ်းသမ်းပစ်ခတ်တာကြောင့် ခရီးသွား ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ကင်းပုန်းဝပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၆ ဦးလောက်ပါတဲ့ ကားကို ထိန်တွင်းကျေးရွာနဲ့ခမောင်တောင်အနားမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ရေဖြူမြို့နယ်ကနေ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လူနာတင်ယာဉ်နဲ့ ထားဝယ် ဆေးရုံဘက်ကို ပြန်လည် ယူဆောင်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က စစ်ကူထပ်ရောက်လာတာကြောင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.