ကိဗ်၊ နိုဝင်ဘာ(၆) 
မကြာသေးမီက ရုရှားအကျဉ်းထောင်က လွတ် မြောက် သွားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေနဲ့ လူသတ်မှု ကျူးလွန်သူတွေဟာ ပြောင်းလဲလိုက်တဲ့ ဥပဒေအရ ယူကရိန်းမှာ စစ်မှုထမ်းဖို့အရေးနဲ့ ရင်ဆိုင်နေရ ပါတယ်။ 

သမ္မတ ဗလာဒီမာပူတင်ဟာ မကြာသေးမီက အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ကြီးလေးတဲ့ ရာဇဝတ် မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားတွေကို အရန်တပ်သားတွေအဖြစ် ခေါ်ယူခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တာပါ။ 

ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့ အကြမ်းဖက်ခြင်းကြောင့်  ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားဟောင်းတွေကိုတော့ အမှုထမ်းဆောင်ခြင်းမှ ချန်လှပ်ထားဆဲဖြစ်ပါတယ်။ 


အရပ်သားတွေကို ကွပ်မျက်တာ၊ စစ်သားအချို့ရဲ့”လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ” အပါအဝင် ရုရှား တပ်ဖွဲ့တွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင်က စက်တင်ဘာလမှာ အစီရင်ခံတင်ပြခဲ့ပါတယ်။ 
ယူကရိန်းကိုယ်တိုင်ကလည်း ရုရှားတပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှု ထောင်ပေါင်းများစွာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 


ရုရှားကလည်း သူတို့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတာကို ငြင်းဆိုထားပြီး ယူကရိန်းတပ်ဖွဲ့တွေကလည်း နိုင်ငံရဲ့ခွဲထွက်ထားတဲ့ သိမ်းပိုက်ဒေသတွေမှာ အရပ်သားတွေကို အမြောက်တွေနဲ့  ပစ်မှတ်ထားနေတယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ 


ယူကရိန်းစစ်သားတွေက ရုရှားစစ်သားတွေအပေါ် ဆိုးရွားစွာ တုန့်ပြန်မှု နှစ်ခုကို တွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကော်မရှင်က ပြောကြားခဲ့ပေမယ့်လည်း ရုရှားရဲ့စစ်ရာဇဝတ်မှု ကျူးလွန်မှု အရေအတွက်ကတော့ သိသာ ထင်ရှားစွာ ပိုမိုများပြားနေတယ်လို့ ဖော်ပြထားပါတယ်။ 


Wagner ကြေးစားအဖွဲ့က စက်တင်ဘာလမှာ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခြင်းဖြင့် ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ အကျဉ်းသားတွေကို စုဆောင်းနေတယ်လို့  သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့မှာ Wagner အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ပထမဆုံး တရားဝင်ရုံးချုပ်ကို စိန့်ပီတာစဘတ်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး Wagner ရဲ့ အကြီးအကဲကတော့ အကျဉ်းသားတွေကို သူတို့အဖွဲ့နဲ့အတူ အမှုထမ်းပါက “မည်သူ့ကိုမျှ သံတိုင်နောက်သို့ မရောက်စေရ” ဆိုပြီး ကြွေးကြော်ထားပါတယ်။


စက်တင်ဘာလကတည်းက ဆင့်ခေါ်ထားတဲ့ အရန်တပ်သား ၃၀၀,၀၀၀ အနက် ၄၉,၀၀၀ ခန့်ကို ယူကရိန်းမှာ တပ်ဖြန့်ထားပြီးဖြစ်ကြောင်း သမ္မတပူတင်က ကြေညာခဲ့ပါတယ်။ 


ဒါ့အပြင် စေတနာ့ဝန်ထမ်း ၅၀,၀၀၀ ခန့်လည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် အနောက်နိုင်ငံ တွေနဲ့ ယူကရိန်းနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပူတင်ရဲ့ အရန်တပ်တွေကို ခေါ်ယူတဲ့  ဆုံးဖြတ် ချက်ဟာ ယူကရိန်း စစ်မြေပြင်မှာ ရုရှားတပ်တွေ ဆိုးရွားစွာ တပ်ပျက်နေတာကို ပြသနေတယ်လို့ ဆိုပါတယ်။ 


ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက ထောင်နဲ့ချီတဲ့ အရပ်သားတွေနဲ့ တိုက်ခိုက် ရေးသမားတွေ သေဆုံး၊ ဒဏ်ရာရခဲ့ပြီး တိုက်ပွဲတွေကြောင့် မြို့တွေပျက်စီးခဲ့ပါတယ်။


ဥရောပမှာ ယူကရိန်းနိုင်ငံသား (၇.၈) သန်းနီးပါးကို ဒုက္ခသည်အဖြစ် စာရင်းသွင်းထားတယ်လို့ သိရပါတယ်။ 

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.