မော်လမြိုင်၊ နိုဝင်ဘာ (၆)

စစ်ကောင်စီက ဖိအားပေးဖွဲ့စည်းခိုင်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကို အင်အား ၂၀၀ လောက်နဲ့ မွန်ပြည်နယ်အတွင်း ဖွဲ့စည်းပြီးသွားပြီလို့ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်တပ်ကို ထောက်ခံသူတွေ၊ အရပ်သားတချို့နဲ့ ပြည်သူ့ လုံခြုံရေးအဖွဲ့ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့မတ်လမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးဌာနကနေတဆင့် ညွှန်ကြားခဲ့တာပါ။

ဒီညွှန်ကြားချက်ကြောင့် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဦးဆောင်ပြီး စစ်ဘက်၊ အရပ်ဘက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက မြို့နယ်အသီးသီးကို ကွင်းဆင်းကာ ရပ်ကွက်အုပ်ချုပ်ရေးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီပြည်သူ့လုံခြုံရေးအဖွဲ့ဟာ ရပ်ကွက်ကျေးရွာတွေမှာ လုံခြုံရေး အဓိကတာဝန်ယူပေးရမယ် ဆိုပေမယ့် လိုအပ်ရင် စစ်ကောင်စီတပ်နဲ့အတူ ရှေ့တန်းစစ်မျက်နှာထွက်ရမယ်လို့ ပြောဆိုမှုများရှိနေတာကြောင့် အမည်စာရင်းသွင်းပေးသွင်းသူနည်းပါးပြီး အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မွန်ပြည်နယ်အတွင်းက စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်တွေနဲ့ စစ်တပ်ထောက်ခံသူတချို့ပါဝင်ပြီး လူအင်အား ၂၀၀ နီးပါးသာရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေ ဘယ်ရက်တွေမှာ သင်တန်းစတင်ပို့ချသွားမှာနဲ့ ရှေ့ဆက်ဆောင် ရွက်ရမယ့် အချက်တွေကို စစ်ကောင်စီခေါင်းဆောင်ရဲ့ ညွှန်ကြားချက်မရသေးသလို အသေးစိတ်ဆောင်ရွက်ရမယ့် အစီအစဉ်မသိရသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီထံမှ အတည်ပြုချက်ရရှိလာပါက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေအတွက် လစာနဲ့ တခြားခံစားခွင့်တွေ ရရှိမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ပြည်သူ့လုံခြုံရေးအဖွဲ့တွေထဲ ပါဝင်လိုသူတွေအနေနဲ့ အချိန်မရွေး စာရင်းပေးသွင်းနိုင်သလို အဖွဲ့ဝင်အင်အား ထပ်မံတိုးလာဖို့ကိုလည်း နယ်လှည့်ကွင်းဆင်း စည်းရုံးမှုတွေ ပုံမှန်အတိုင်းလုပ်ဆောင်နေမယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ခုခံတော်လှန်စစ်စတင်ကြောင်း ကြေညာပြီးနောက် တိုင်းနဲ့ပြည်နယ်အများစုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲပြင်းထန်နေခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က နေ့စဉ်ဆိုသလို ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် ရှေ့ တန်းမှာတိုက်ပွဲဝင်ဖို့ တပ်ဖွဲ့အင်အားတွေ ပိုမိုလိုအပ်လာတဲ့အပြင် အုပ်ချုပ်ရေးအပိုင်းမှာ လူအင်အားလိုအပ်ချက်ရှိနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းလာတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.