မော်လမြိုင်၊ နိုဝင်ဘာ (၆)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတော်ကနေ ထုတ်ချေးပေးထားတဲ့ ချေးငွေတွေရဲ့ အတိုးနှုန်းတွေကို သတ်မှတ်ကာလ ပြန်ဆပ်မှသာ ဆိုင်းငံ့ကာလ တစ်နှစ် သက်တမ်း ထပ်မံရရှိမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံတော်ကနေ ချေးငွေထုတ်ပေးခဲ့တဲ့ ကုမ္ပဏီနဲ့လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၇ ရက်မှာ ချေးငွေပြန်ဆပ်ကာလ ပထမအကြိမ် ခြောက်လနဲ့ စက်တင်ဘာ ၁၁ ရက်မှာ ဒုတိယအကြိမ် ခြောက်လ စုစု ပေါင်း တစ်နှစ် သက်တမ်းတိုးပေးခဲ့တာပါ။

လက်ရှိအချိန်မှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်း ထိခိုက်မှုတွေရှိနေပြီး ပြည်တွင်းရှိ စီးပွား ရေးလုပ်ငန်းတွေ ငွေကြေးလည်ပတ်မှု အဆင်ပြေစေဖို့ ချေးငွေပြန်လည်ပေးဆပ်ရမယ့် ကာလကို ရက်စေ့တဲ့နေ့ကစပြီး နောက်ထပ် တစ်နှစ် ထပ်မံသက်တမ်းတိုးပေးမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါပေမယ့် ချေးငွေယူထားတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေအနေနဲ့ သက်တမ်းတိုးပေးတဲ့ တစ်နှစ်အတွင်း အကျုံးဝင်ဖို့ ပထမနှစ်နဲ့ ဒုတိယနှစ်အတွက် အတိုးနှုန်းတွေကို နှစ်ကြိမ် ပြည့်မီအောင် ပြန်ဆပ်ပေးရမယ်လို့ ညွှန်ကြားလာတာပါ။

ကိုဗစ်ချေးငွေယူထားတဲ့ ဆားတောင်သူတစ်ဦးကတော့ အတိုးနှုန်းတွေကို သတ်မှတ်ကာလ ပြည့်မီအောင် ပြန်ဆပ်နိုင်ဖို့ အပြင်ကနေ အတိုးနှုန်းကြီးနဲ့ ချေးယူပြီး ပြန်ဆပ်ရမှာ ဖြစ်တဲ့အတွက် အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“အတိုးကိုတော့ ကျွန်တော်တို့က တစ်နှစ်တစ်ခါ ပေးသွင်းရမယ်။ သူတို့ သတ်မှတ်ထားတယ်ဆိုတော့ သွင်းပေးတာပဲ။ ကျန်တဲ့သူတွေ သွင်းဖို့ ပြောလာရင် အားလုံးက သွင်းရမှာပေါ့။ မရှိလည်း ရှာပြီး သွင်းရမှာပေါ့။ဒါပေမယ့် ကျွန်တော်တို့ မှာ မရှိလို့ ချေးတာပေါ့လေ။နိုင်ငံတော်ကနေ ချေးပေးထားတော့ အတိုးကိုတော့ မှန်မှန်ပြန်သွင်းပေးရမှာပေါ့။ လိုချင်တဲ့အချိန်မှာ ကျွန်တော်တို့က ပြန်ဆပ်ပေးရမယ်။ မရှိလည်း ကျွန်တော်တို့ က ရှာရမယ် အပြင်ကနေ အတိုးများစွာပေးပြီးတော့ ရှာပြီးတော့ ဆပ်ရမယ်။ အဲဒါ ကျွန် တော်တို့ မှာ အခက်အခဲရှိတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ ချေးငွေအရင်းကိုတော့ ခဏ ထားထားပေးပါ၊ တစ်နှစ်လောက် စောင့်ဆိုင်းပေးပါလို့ ကျွန်တော်တို့ တင်ပြတောင်းဆိုခဲ့တာပေါ့”လို့ သူက ဆိုပါတယ်။

ကိုဗစ်ကြောင့် စီးပွားရေးသက်ရောက်မှုတွေအပေါ် အရေးပေါ်ကုစားပေးလုပ်ငန်းကော်မတီကနေ ခွင့်ပြုခဲ့တဲ့ ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာမှာတော့ ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်ရင် ဥပဒေနဲ့အညီ ဆက်လက်အရေးယူခံရမယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် မြန်မာ့စီးပွားရေးဘဏ်ကနေ ချေးငွေထုတ်ယူထားတဲ့ ကုမ္ပဏီအပါအဝင်လုပ်ငန်းတွေအနေနဲ့ ချေးငွေ အရင်း၊အတိုး ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်ရင် တရားမကြောင်းအရ အရေးယူသွားမှာဖြစ်တဲ့အတွက် သက်တမ်းတိုးပေးတဲ့ကာလအတွင်း အပြီးသတ်အကြေပေးဆပ်ဖို့ သတိပေးထားပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကလည်း ချေးငွေအတွက် အတိုးပြန်ဆပ်ရမယ့်ကိစ္စဟာ အခက်အခဲရှိတဲ့သူတွေ ရှိနိုင်သလို မရှိတဲ့သူတွေလည်း ရှိနေပြီး ထပ်မံ တိုးပေးလိုက်တဲ့ သက်တမ်း ၁ နှစ်ကြောင့် အတိုးပြန်ပေးဆပ်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာက ဟိုတယ်အသင်းတွေကတော့ အခက်အခဲရှိတယ်ဆိုရင်လည်း ရှိတာပေါ့ဗျာ။ မရှိဘူးဆိုရင်လည်း မရှိဘူးလို့ ပြောလို့ရတယ်။ဒါပေမယ့် တစ်ခုရှိတာက အစိုးရက ၁ ရာခိုင်နှုန်း ဆပ်ရမယ်ဆိုတဲ့ဟာ အခုသက်တမ်း တစ်နှစ် ထပ်တိုးတဲ့အခါကျတော့ ဘာဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းတဲ့အခါကျတော့ ဆပ်သင့်တာပေါ့။ ပေးချေသင့်တာပေါ့။ သက်တမ်းတိုးပေးတယ် ရွှေ့ဆိုင်းပေးတယ်ဆိုတော့ အားလုံးအတွက် ခံသာပါတယ်။တစ်ချို့လည်း ပေးဆပ်ဖို့ ပြင်ဆင်နေကြပါပြီ ခင်ဗျ” လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီကနေ ဦးစားပေးကဏ္ဍအလိုက် ကိုဗစ်ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံကနေ ကုမ္ပဏီနဲ့လုပ်ငန်းပေါင်း ၅၉၉၀ ခုကို NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်နေ့ကစပြီး ထုတ်ချေးပေးခဲ့တာပါ။

ချေးငွေအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ သက်တမ်း တစ်နှစ် သတ်မှတ်ပေးပြီး ပမာဏ ကျပ် ၁၅၈ ဘီလီယံကို CMP လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးပေးခဲ့တာပါ။

ဒါ့အပြင် စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ပြည်ပပို့ကုန်ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေနဲ့ သွင်းကုန် အစားထိုးပစ္စည်းထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတို့ ပါဝင်ပါတယ်။

အလားတူ ပြည်တွင်းထုတ်လုပ်မှုကနေ ပြည်ပတင်ပို့တဲ့အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေ၊ စားသောက်ကုန်ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတို့ကိုလည်း ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.