လွိုင်ကော်၊ နိုဝင်ဘာ (၆)

နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီဘက်က အပြင်း အထန် ကြိုးပမ်းလာတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးအရ အလွန်အရေးကြီးတဲ့ လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-မိုးဗြဲ ဒေသတွေမှာ ရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို တပ်အင်အားအလုံးအရင်း ဖြည့်တင်းပြီး ပုံစံမျိုးနဲ့ ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာပါ။

စစ်ကောင်စီတပ်က ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အဲဒီနေရာတွေဟာ အရင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေသုံးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် နေရာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်လွှတ်ထားခဲ့ရတာပါ။

လက်ရှိမှာ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ် ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP ပြောခွင့်ရ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျွန်တော်ထင်ပါတယ်။သူတို့ ရိက္ခာဖြည့်တာလား။ရိက္ခာအရွှေ့အပြောင်းတွေလုပ်နေတာလား။အဲဒါတွေသူတို့လုပ်နေတယ်။ပြည်ထောင်စုလမ်းမကြီးကို သူတို့ ထိန်းဖို့တော့ကြိုးစားနေတယ်။သွားရင်းနဲ့လည်းရှေ့မှာတိုးတော့ တိုက်ပွဲတွေဖြစ်နေတယ်။ဒီမနက်အထိလည်း ဖြစ်နေသေးတယ်။ဒါပေမဲ့ တိုက်ပွဲကြီးရယ်လို့တော့မဟုတ်ဘူး။ပြောက်ကျားတိုက်ပွဲပဲ။နောက်ပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့လာလာထုတာတွေရှိတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ပြည်ထောင်စုလမ်းပိုင်းတချို့ကို အသုံးပြုပြီး တပ်အပြောင်းအရွှေ လုပ်တာ၊ တပ်အင်အားထပ်မံဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းတာတွေလည်း ဆက်တိုက်လုပ်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဒီမော့ဆို-ဖရူဆိုလမ်းကြောတစ်လျောက်မှာ သူတို့ရှိတော့ရှိနေတယ်။ဟိုနေ့က ကျွန်တော်တို့ရဲဘော်တွေကင်းထောက်နေရင်း သူတို့မြင်သွားလို့ လက်နက်ကြီးနဲ့ပစ်တာ ရဲဘော်တစ်ယောက် လွန်ခဲ့တဲ့ ၃ရက်လောက်က ကျသွားသေးတယ်။ ဒေသခံတွေလည်း ပြန်လို့မရပါဘူးဗျ။ ဘာလို့ဆို ဒီတကြောလုံးမှာ သူတို့ပဲရှိနေတာ။ ပြန်တဲ့ဒေသခံကလည်း ခိုးပြန်ပြီး ပစ္စည်းတွေခိုးသယ်တာလောက်ပဲရှိပါတယ်။” လို့ ဆိုပါတယ်။

ကယားပြည်နယ်ဟာ နေပြည်တော်နဲ့နီးပြီး စစ်ရေးအရ အရေကြီးတဲ့ဒေသတစ်ခုလည်း ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ အပြင်းအထန် ကြိုးပမ်းနေတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ ကယားပြည်နယ်ကို လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးသလို နေရာဒေသအများစုကိုလည်း လက်လွှတ်ထားရတာပါ။

ကယားပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.