ဖာပွန်၊ နိုဝင်ဘာ(၅)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီ တပ်နဲ့ KNLA တပ်မဟာ(၅)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ဘက်က ၈၀ နီးပါးသေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၁)ရက်နေ့က (၃၁)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်(၅)တပ်မဟာနဲ့ စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲပေါင်း (၁၃၆)ကြိမ်ဖြစ် ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီ ၊ BGF တို့ဘက်က (၇၉)ဦးသေဆုံးပြီး (၆၄)ဦး ဒဏ်ရာရရှိခဲ့သလို သေဆုံးသူ တွေထဲမှာ ဗိုလ်(၁)ဦး၊ တပ်ကြပ်ကြီး(၁)ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ဘက်ကတော့ တစ်ဦး ကျဆုံးပြီး (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းက နေရာ(၄)နေရာမှာ ဗုံး(၄)လုံး ကြဲချခဲ့ ပြီး ထိခိုက်မှုတစ်စုံတရာ မရှိခဲ့ပေမယ့် စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ တမင် ရည်ရွယ်ပစ်ခတ်ခဲ့လို့ အိမ်ခြေ(၁၀)လုံး ထိမှန်ပျက်စီးသွားခဲ့သလို အရပ်သား(၃)ဦး သေဆုံးကာ (၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က တပ်သား(၃)ဦးဟာ အမြင်မှန်ရရှိပြီး KNU ဖာပွန်ခရိုင်၊ တပ်မ ဟာ (၅)ထံကို လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထား ပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်(၃)မြို့နယ်လုံးမှာ KNLA တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ် BGF တို့အကြား ရင်ဆိုင်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပြီး အဲဒီတိုက်ပွဲတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံ တစ်သိန်းနီးပါးထိ ရှိလာတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.