ရန်ကုန်၊ နိုဝင်ဘာ (၅) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ အခုနှစ် အောက်တိုဘာလကုန်ထိ အမျိုးသမီး ၃၄၄ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အဆိုအရ အာဏာသိမ်းကာလအတွင်း အမျိုးသမီး ၂၆၃၀ ကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲက အမျိုးသမီး ၂၂၇ ဦးဟာ ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရတာပါ။
ပြစ်ဒဏ်ချမှတ်ခံရတဲ့သူတွေထဲမှာ အမျိုးသမီး ၉ ဦးကို စစ်ကောင်စီက သေဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပြီး အမျိုးသမီး ၁၁ ဦးကတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်သဖွယ် အသုံးပြုနေကြပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ ဒေသတိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံအမျိုးသမီး ၇ ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အချက်အလက်တွေအရ စစ်တပ်ဝင်ရောက်ခဲ့တဲ့ အခြားဒေသတွေမှာလည်း အလားတူ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အမျိုးသမီးတွေကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအကျဉ်းချမှုတွေ လုပ်ဆောင်နေသလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်နေကြတာပါ။
တစ်ဖက်မှာတော့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြတဲ့ အမျိုးသမီးတွေဟာ လွတ်မြောက်နယ်မြေတွေဆီ သွားရောက်ပြီး စစ်ပညာသင်ယူကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် ခုခံတိုက်ပွဲဝင်နေကြတာလည်း ရှိနေပါတယ်။
သတင်း- သံလွင်တိုင်းမ်