သထုံ၊ နိုဝင်ဘာ (၅)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခမရ(၉)တပ်ရင်း လက် အောက်ခံ ဝီယော်စခန်းကို နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီ ဝီယော်စခန်းကို KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီလက် အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီ ဝီယော်စခန်း တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိကြောင်းနဲ့ မြေပြင်အခြေ အနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ စောကျော်မြင့်က ပြောပါတယ်။

စစ်ကောင်စီဝီယော်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းကစပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝီယော်စခန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာ နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သထုံမြို့နယ်ရှိ စစ်ကောင်စီ ကြာပန်း စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.