ရန်ကုန် ၊နိုဝင်ဘာ (၅)
ရန်ကုန်မြို့က အများပြည်သူသုံး ယာဉ်လိုင်းစနစ်ဖြစ်တဲ့ YBS ယာဉ်လိုင်းတွေ ညနေပိုင်းမှာ ပြေးဆွဲမှုမရှိသ လောက် နည်းလာတာကြောင့် အလုပ်သွား၊ အလုပ်ပြန် လုပ်နေရတဲ့ ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ခရီးသွားပြည်သူတွေဟာ YBSကို အဓိကအားထား အသုံးပြုနေရပေမယ့် ညနေ၆နာရီနောက်ပိုင်းမှာ ဘတ်စ် ကားတွေ မထွက်တော့တာကြောင့် ကြား ကားလို့ခေါ်တဲ့ အောက်ဆိုက်ကားတွေကို ကားခပိုပေး ပြီးစီးနင်းတာမျိုးလည်း ရှိခဲ့တာပါ။
ဒါပေမယ့် လက်ရှိ ရန်ကုန်မြို့အခြေအနေမှာ ခိုးဆိုးလုနှိုက်မှုနဲ့ အနုကြမ်း စီးခံရမှုတွေက ဘတ်စ်ကားတွေပေါ် အထိ ဖြစ်လာနေတာကြောင့် ကြားကား ပြေးဆွဲမှုတွေလည်း နည်းသထက်နည်းလာနေလို့ အခက်ကြုံနေရ တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အလုပ်သွား၊ အလုပ်ပြန်သူတွေဟာ အငှားယာဉ်တွေကို အသုံးပြုပြီးသွားလာရတာကြောင့် ဟိုးအရင် မထသခေတ်ကိုပြန်ပြီး ခေတ်နောက်ပြန်ဆွဲနေသလို ဖြစ်နေပြီလို့လည်း ပြည်သူတွေက ဝေဖန်နေကြတာပါ။
“ ဒီလိုဖြစ်စဉ်တွေက အာဏာသိမ်းပြီးမှ ဖြစ်လာတာ။ ဒါတွေက အမှန်တရားပါ။ အရင် အစိုးရလက်ထက်တုန်း ကဆို ဘယ်လောက်နောက် ကျကျ ၁၀နာရီလောက်အထိ နောက်ကျပစေဦးတော့။ကားကရှိတယ်။ ဂိတ်မှာ နောက်ဆုံးထွက်မယ့်ကား ဘယ်နှစ်စီးကျန်နေသေးသလဲကအစ မေးလို့ရတယ်။ ခုဆို ကားဂိတ်သမား တွေ လည်း မရှိတော့ဘူး။ ဂိတ်သမားတွေက ကိုယ်တွေကို ပြန်ကြောက်နေရတယ်။ ကိုယ်တွေကလည်း သူတို့ကို ပြန်ကြောက်နေရတယ် အဲဒီလိုမျိုးဖြစ်နေတယ်။ YBSယာဉ်လိုင်းစနစ်က လုံးဝကိုပျက်စီးသွားပါပြီ။ နောက်တစ် ခုက ဘာလို့်ပျက်စီးသွားတယ်လို့ ပြောနိုင်ရသလဲဆိုရင် လူတအားများရင် ကားသမားတွေက မတင်တော့ဘူး။ အခုက လူများလည်း ကားတွေရှားနဲ့ အခက်အခဲကြောင့် လူတွေပြုံအုံပြီးတော့တင်တယ်။ မ.ထ.သ ခေတ်တောင် ပြန်ရောက်သွားသလိုပဲ’’လို့ ရန်ကုန်မြို့နေ ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
ရန်ကုန်မြို့မှာ အခုကာလ ညနေပိုင်းတွေမှာ YBSတွေ အစီးရေ အတော်နည်းသွားတာကြောင့် ရုံးဆင်းချိန် တွေမှာ လူတွေတိုးဝှေ့စီးနေရပြီး ခါးပိုက်နှိုက်မှုတွေလည်း နေ့စဉ်ဖြစ်ပွားနေတာပါ။
YBSကားတွေဟာ ည၇နာရီကျော်ပြီဆိုတာနဲ့ မရှိသလောက်ဖြစ်နေပြီး နာရီဝက်ကနေ ၄၅မိနစ်အတွင်း တစ်စီး လောက်လာဖို့တောင် မသေချာတာကြောင့် နေ့စဉ်ရုံးကတ်၊ ရုံးဆင်းပြီး အသွားအလာလုပ်နေရတဲ့ သာမန် ဝန် ထမ်း တစ်ယောက်အနေနဲ့ ည ၇နာရီကျော်သွားရင် အိမ်ပြန်ဖို့အတွက် အငှားကား ငှားပြီး ပြန်ရတာမျိုးတွေ အထိရှိလာပါတယ်။
ဒါပေမယ့်လည်း အငှားယာဉ်တွေကနေ ခရီးသည်ကို ရန်ပြုပစ္စည်းလုတာတွေ၊ ခရီးသည်က ယာဉ်မောင်းကို ရန်ပြုလုယက်တာတွေရှိလာနေတာကြောင့် အပြန်အလှန်မယုံကြည်လို့ ရွှေပြည်သာ၊ ရွှေပေါက္ကံစတဲ့ ဆင်ခြေဖုံး ရပ်ကွက်နေသူတွေဆိုရင် ကားငှားလို့ မရတဲ့ ပြဿနာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ အောက်တိုဘာနဲ့ နိုဝင်ဘာ ပထမအပတ်အတွင်း ခိုးဆိုးလုနှိုက်အမှုတွေနဲ့ အိမ်တွင်းအထိ ဝင် ရောက် အနုကြမ်းစီးမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတာကြောင့် မြို့နေပြည်သူတွေဟာ အပြင်သွားလာတာ ပဲဖြစ်ဖြစ်၊ အိမ်ထဲမှာပဲနေနေ ရန်ကုန်မြို့နေပြည်သူတွေက စိတ်မလုံခြုံမှုနဲ့ နေ့စဉ်နေထိုင်နေရတယ်လို့လည်း ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်