မော်လမြိုင်၊ နိုဝင်ဘာ (၅)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အချိန် ရော်ဘာဈေးနှုန်း ကျဆင်းလာတာကြောင့် အခက်ကြုံနေရတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်းတိုင်းမ်ကို ပြောပါတယ်။

ရော်ဘာဈေးနှုန်းဟာ ရာသီအစဖြစ်တဲ့ အောက်တိုဘာ ပထမအပတ်အတွင်း ရော်ဘာ တစ်ပေါင် ၁၄၅၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပေမယ့် နိုဝင်ဘာ ၄ ရက်နေ့မှာတော့ တစ်ပေါင်ကို ကျပ် ၁၃၀၀ ထိ ဈေးနှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။

ရော်ဘာဈေးနှုန်းဟာ ရာသီအစနဲ့ လက်ရှိ ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ရင် ရော်ဘာတစ်ပေါင် ၁၅၀ ကျပ်အထိ ကျဆင်းပြီး ဈေးနှုန်းကွာဟမှုတွေ ဖြစ်ပေါ်နေတာပါ။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ရော်ဘာဈေးနှုန်း ကျဆင်းမှုဟာ ပြည်ပကနေ ငွေကြေးစီးဆင်းမှု ကြန့်ကြာတာအပြင် ဒေါ်လာငွေ အခက်အခဲကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ငွေကြေး တောင့်တောင့်တင်းတင်းရှိနေရင် အခြေအနေကောင်းတယ်။ငွေကြေး မလုံလောက်ဘူးဆိုရင် အခြေအနေမကောင်းဘူး။ ငွေကြေးအခြေအနေမကောင်းရင် မျှော်မှန်းတဲ့ ပေါက်ဈေးမရဘူး။ ကိုယ်မျှော်မှန်းတဲ့ ပေါက်ဈေး မရဘူး။ ပိုက်ဆံလိုတယ်၊ရောင်းရတယ်။အဲဒီလို သွားတာကိုး။ငွေကြေးတောင့် တင်းတဲ့သူက ပစ္စည်းများများ ဝယ်ထားနိုင်တာပေါ့။ တကယ်တမ်း ဈေးမြောက်လာပြီဆို ရောင်းလို့ရတယ်။ပစ္စည်းအရန်အသင့် ရှိတယ်။ အဲဒီလို သွားတယ်” လို့ သူက ဆိုပါတယ်။

ရော်ဘာခြံပိုင်ရှင်တွေအနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်တွေဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ အက်စစ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာမှုနဲ့အတူ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုတွေကို ရင်ဆိုင်နေရတာပါ။

အခုလို ဈေးအဆမတန်မြင့်တက်နေတဲ့ သွင်းအားစုကုန်တွေကို ဝယ်ယူထည့်သွင်းပေမယ့် ရော်ဘာဈေးနှုန်းကျဆင်းမှုကြောင့် အခက်အခဲတွေ ဖြစ်လာတယ်လို့ ရော်ဘာခြံရှင်တစ်ဦးက ပြောပါတယ်။

“မြေဆီထည့်တုန်းက မြေဩဇာတွေက ဈေးများတယ်။ ရော်ဘာထွက်တော့ ရော်ဘာတွေက ဈေးကျတဲ့အခါကျတော့ တောင်သူတွေအနေနဲ့ အခက်ခဲရှိတယ်။စစငှားတုန်းက လုပ်သားတွေကို ပြောတဲ့ဈေးက တစ်ဈေး။အခုဈေးကျလာတဲ့အခါကျတော့ လုပ်သားခ လျှော့လို့ မရဘူးလေ။ခြံရှင်တွေအနေနဲ့ အဲဒီလိုမျိုး အခက်အခဲရှိတာပေါ့”လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ ရော်ဘာခြံရှင်တွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်ကြောင့် ရော်ဘာအစေးခြစ်ဖို့ ခက်ခဲလာတာ၊ ကျွမ်းကျင်လုပ်သား အများစု ပြည်ပနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်လာတဲ့အတွက် အလုပ်သမား ရှားပါးမှုတွေကိုပါ ထပ်မံ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ရော်ဘာခြံရှင်အများစုကတော့ သွင်းအားစုကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ အခြားဆက်စပ်ပစ္စည်းတွေ မထည့်နိုင်တော့တာကြောင့် အခုရာသီမှာ ရော်ဘာအထွက်နှုန်း သိသိသာသာ ကျဆင်းလာတယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာ စိုက်ပျိုးဧက (၅) သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး ရော်ဘာကဏ္ဍကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍဟာလည်း စစ်တပ် အာဏာသိမ်းမှု ဒဏ်ကို တခြားလုပ်ငန်းတွေ နည်းတူ အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.