မော်လမြိုင် – နိုဝင်ဘာ(၄)

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပန်းချီဆရာတွေ စုပေါင်းပြီး မော်လမြိုင် ခြစ်သူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမအကြိမ် ပုံကြမ်း ပန်းချီပြပွဲ ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပန်းချီပြပွဲလုပ်တာဟာ မြို့အတွင်းက ပန်းချီဝါသနာပါတဲ့သူတွေက မော်လမြိုင်မြို့ရဲ့ ရှု့ခင်း အလှအပတွေနဲ့ အထင်ကရ နေရာတွေကို အမှတ်တရ ရှိစေဖို့နဲ့ ဒေသတွင်းက ပြည်သူတွေ ကြည့်ရှုနိုင်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီလို ပန်းချီပြပွဲတွေ ပြုလုပ်ပေးတာဟာ ပန်းချီဝါသနာရှင် တက်သစ်စ လူငယ်တွေအတွက် ရည်ရွယ်သလို ဒေသတွင်းက ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ပြည်သူတွေသိရှိအောင် ရည် ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦး ပြောပါတယ်။

မော်လမြိုင်မြို့က ပန်းချီဆရာ (၁၈) ဦးရဲ့ လက်ရာတွေကို ပန်းချီပြပွဲမှာ ကြည့်ရှုရမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေကြိုက်နှစ်သက်တဲ့ ပန်းချီကား တွေကိုလည်း သတ်မှတ်နှုန်းထားတွေ အတိုင်းဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပုံကြမ်းပန်းချီပြပွဲကို မင်းကြီးလမ်း အမှတ်(၁) ကျောင်းရှေ့ သံလွင်ဥယျာဉ်ဝင်းမှာရှိတဲ့ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်ခန်းမမှာ လာမယ့် နိုဝင်ဘာလ(၁၉) ရက်နေ့ ကနေ (၂၃) ရက်နေ့ထိ မနက်(၉) နာရီက ညနေ(၄) နာရီအထိ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.