ဝီဇီရာဘတ်၊ နိုဝင်ဘာ(၅)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝီဇီရာဘတ် Wazirabad မှာ ဆန္ဒထုတ်ဖော်နေတဲ့ ပါကစ္စတန်ရဲ့ အဖယ်ရှားခံ ဝန်ကြီးချုပ် အင်မ်ရန်ခန်ရဲ့ ယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ ပါတယ်။

ပစ်ခတ်မှုကြောင့် ဝန်ကြီးချုပ်ဟောင်း စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကို ထိမှန်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းရဲ့ ခြေ ထောက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အခြားလူတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တာပါ။

မဟာမိတ်တွေဘက်က လုပ်ကြံသတ်ဖြတ်မှုလို့ စွပ်စွဲထားပေမယ့်လည်း တိုက်ခိုက်ခံရခြင်းရဲ့ ရည်ရွယ်ချက် နဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

အသက် ၇၀ အရွယ် မစ္စတာခန်းဟာ မြို့တော် အစ္စလာမာဘတ်မှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ ချီတက်ပွဲကို ဦးဆောင်ခဲ့ပြီး ရွေးကောက်ပွဲ စောစီးစွာ ကျင်းပဖို့ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ခရစ်ကတ် ကစားသမား အကျော်အမော်ဟောင်းလည်းဖြစ်၊ နိုင်ငံရေးသမားဟောင်းလည်း ဖြစ်သူ မစ္စတာခန်း ကျည်ထိမှန်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပြီး လာဟိုးမြို့ရှိ ဆေးရုံသို့ ခေါ်ဆောင်ဆေးကုနေ တယ်လို့ ဆိုပါတယ်။
ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျှက်ရှိပြီး ခွဲစိတ်မှုပြုလုပ်ထားတယ်လို့လည်း သူကဆက်လက်ပြော ကြားပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို သတ်ဖို့ကြံစည်ထားတဲ့  အမျိုးသားတစ်ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်း သိမ်းထားတယ်လို့ သိရပါတယ်။  

ပါကစ္စတန်အစိုးရဟာ သူတို့ စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပြီး လွန်ခဲ့တဲ့လအတွင်းမှာတော့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးလှုံ့ဆော်တယ်လို့ ဆိုကာ မစ္စတာခန်းကို ရာထူးမှ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

Ref;BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.