မော်လမြိုင်၊ နိုဝင်ဘာ (၅)

အာဏာသိမ်း စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးတွေမှာ ပို့ကုန်ဝင်ငွေ တင်ပြနိုင်မှ သွင်းကုန်ခွင့်ပြုပေးမယ်ဆိုတဲ့ ညွန်ကြားချက်ကြောင့် မှောင်ခိုဈေးကွက် ပိုမို ကြီးထွားပြီး ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်စပ်ဒေသက သွင်းကုန်ပစ္စည်း တင်သွင်တဲ့နေရာမှာ တဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းကနေ ရရှိတဲ့ ဝင်ငွေ ပြသပြီးမှ တင်းသွင်းရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေး ဦးစီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ညွန်ကြားလာတာပါ။

ဒါ့အပြင် သွင်းကုန်တင်သွင်းသူတွေအနေနဲ့ ရရှိထားတဲ့ ငွေတွေကို အသုံးပြုပြီး သွင်းကုန်တင်သွင်းတဲ့ နေရာမှာလည်း သက်ဆိုင်ရာ ဘဏ်တွေကတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေရမှာ ဖြစ်သလို ဘဏ်ငွေစာရင်း လက်ကျန် ပမာဏထက် ကျော်လွန်ပါက သွင်းကုန်လိုင်စင်ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီက သွင်းကုန်ကဏ္ဍတွေကို ကန့်သတ်လိုက်တာကြောင့် မဖြစ်မနေ တင်သွင်းရမယ့် ကုန်ပစ္စည်းတွေ အတွက် အခက်အခဲ ရှိလာနိုင်သလို မှောင်ခို ဈေးကွက် ပိုမိုကြီးထွားပြီး ကုန်ပစ္စည်းတွေပါ ဈေးနှုန်း ထပ်တက်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင် တစ်ဦးက ပြောပါတယ်။

“ဘာပြဿနာရှိလည်းဆိုတော့ အဓိက မဖြစ်မနေ သွင်းရမယ့် ဆေးတို့ ၊ ဘာတို့လိုမျိုးအတွက်ကတော့ နည်းနည်း ပြဿနာရှိသွားတာပေါ့။ အဲဒီဟာမျိုးတွေကျတော့ သိပ်မမြတ်တော့ရင် သိပ်မသွင်းတာမျိုး ရှိနိုင်တယ်။ ဒါမှမဟုတ် ဈေးတွေ ပြည်တွင်းမှာ ဈေးတွေ အရမ်းတက်သွားနိုင်တယ်။ အဲဒီ Effectတော့ ရှိတယ်။ ဖြစ်လာနိုင်တဲ့ ဟာတွေကတော့ ကုန်သည်ကတော့ သူတို့ လုပ်တတ်ပါတယ်။ ကစားတတ်ပါတယ်။ သူတို့ ဒီဟာနဲ့ ပို့ကုန် ဝင်ငွေရှိမှ သွင်းရမယ် ဆိုလို့ရှိရင် သူတို့က အောက်လမ်းနည်းတွေနဲ့ တခြားနည်းတွေနဲ့ သွင်းလာမှာပေါ့။ ဘာလို့ဆို Export မရှိလို့ ။ ရှိရင် Exportကလည်း မရှိဘူး။ တခြားနည်းနဲ့ ရတဲ့ ဝင်ငွေတွေဘဲ ရှိလို့ရှိရင် အဲဒီဟာတွေနဲ့ ရအောင် သွင်းတော့မှာပေါ့။ မှောင်ခို ဈေးကွက်တော့ ပိုကြီးလာနိုင်တာပေါ့။ ဒီဘက်ကလည်း အဲဒီလို တရားမဝင် ဒီမှောင်ခိုတွေကို တအားကျပ်တယ် ဆိုလို့ရှိရင်ကတော့ စားသုံးသူကို တစ်နည်း ထိချင်ထိမှာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နိုင်ငံခြားငွေ ရချင်တဲ့အတွက် အခုလို လုပ်ဆောင်တာ ဖြစ်နိုင်ပေမယ့် ပြည်တွင်းပို့ကုန် နည်းပါတာကြောင့် ရေရှည် ကုန်ပစ္စည်း တင်သွင်းတဲ့ နေရာမှာ ပိုမို ခက်ခဲလာနိုင်ပြီး သွင်းကုန်ကဏ္ဍအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်တာပါ။

သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွေမှာ သွင်းကုန်များပြီး ပို့ကုန်နည်းတဲ့အတွက် ပို့ကုန် ဝင်ငွေ ရရှိဖို့ မလွယ်သလို အခုလို ဆောင်ရွက်မှုကြောင့် သွင်းကုန်လုပ်ငန်းတွေ ရပ်နားလာနိုင်တယ်လို့ ပြောပါတယ်။

“လူတိုင်းက ပို့ကုန်ဝင်ငွေ ရဖို့ဆိုတာ မလွယ်ဘူးလေ။ ပို့ကုန်ဝင်ငွေဆိုတာ အမြဲတမ်း လူတိုင်းမှာ ရှိတာမှ မဟုတ်တာ။ အခြေခံ စားသောက်ကုန်သမားတွေ ဘယ်လိုလုပ်မလဲ။ ဘယ်ကပိုက်ဆံနဲ့ သွားသွင်းမလဲ။ ဥပမာ- ကော်ဖီမစ် သွင်းတာတို့၊ ဆားသွင်းတာတို့ ၊သကြားသွင်းတာတို့ ၊ဆီသွင်းတာတို့ အဲဒါမျိုးတွေပေါ့။ မြန်မာပြည်မှာ သွင်းကုန်က အရေအတွက်များတာ ။ပို့ကုန်က အရေအတွက် များတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်လေ ကိုယ်တို့ နိုင်ငံက ဘာပို့နိုင်တာရှိလို့လဲ။ ပြောင်းနဲ့ ဆန်နဲ့ ဒါပဲ ပို့နိုင်တာလေ။ နယ်စပ်ကနေပို့တာ ပြောင်းတစ်မျိုးပဲ ပို့တာ။ ကျန်တဲ့ဟာ ဘာမှမှပို့တာ မရှိတာ။ တစ်ခါတလေမှ ကြက်သွန်နီတွေ ဘာတွေ ပို့တာလေ။ ပို့ကုန် အနေအထားက တကယ်တမ်း ဝင်နေတာက နယ်စပ်ကနေ သွင်းကုန်က အများဆုံး ဝင်နေတဲ့ အခါကျတော့ သွင်းကုန်နဲ့ ပို့ကုန် ဘယ်လိုမှ ညီမျှမှာ မဟုတ်ဘူး။အဲဒါဆိုရင်တော့ လုပ်ငန်း တော်တော်များများ ရပ်ဆိုင်းသွားလိမ့်မယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အခုလို လုပ်ဆောင်တာဟာ ကမ္ဘာ့ငွေကြေး ခဝါချမှု စောင့်ကြည့်ရေး အဖွဲ့(FATF)ရဲ့ အမည်ပျက် စားရင်း ထည့်သွင်းလိုက်တဲ့ အစီရင် ခံစာအပေါ် လိုက်နာ အကောင်အထည် ဖော်မှု အားကောင်း စေဖို့ အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ညွန်ကြားချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ ညွန်ကြားချက်ကိုတော့ နိုဝင်ဘာလ (၁)ရက်နေ့က စတင်ကာ မြန်မာနဲ့ ထိုင်း နယ်စပ် ကုန် သွယ်ရေးမှာ စတင်အသုံးပြုမှာ ဖြစ်ပြီး အရင် အောက်တိုဘာလ (၃၁)ရက်နေ့ထိ သွင်းကုန် လိုင်စင် လျှောက်ထားသူတွေ အတွက် အကျုံးမဝင်သလို အဲ့ဒီ ကာလ အတွင်း သွင်းကုန်လိုင်စင် ရရှိထားသူတွေ အနေနဲ့ နိုဝင်ဘာလ (၃၀)ရက်နေ့ မတိုင်ခင် သွင်းကုန်တွေကို ပြီးပြတ်အောင် သွင်းရမှာ ဖြစ်ပြီး မသွင်းနိုင်ပါက သွင်းကုန် လိုင်စင် ပျက်ပြယ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကနေ ထိုင်းနိုင်ငံထဲကို ပြောင်း အပါအဝင် စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်ပို့နေတာ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံထဲကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.