ရန်ကုန်၊ နိုဝင်ဘာ(၄)

ရန်ကုန်မြို့မှာ ခိုးဆိုးလုနှိုက်အမှုတွေနဲ့ အိမ်တွင်း အထိဝင်ရောက်ပြီး အနုကြမ်းစီးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့အတွက် မြို့နေပြည်သူတွေဟာ စိတ်မလုံခြုံမှုနဲ့ နေထိုင်နေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်နဲ့ နိုဝင်ဘာပထမပတ်အတွင်းမှာ အနုကြမ်းစီးခံရမှုအပါအဝင် ခိုးဆိုးလုနှိုက်မှု ၁၅ မှု ထက်မနည်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီအထဲမှာ တစ်ဦး အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းအောက်ဘလောက် မှာရှိတဲ့ သစ္စာအိမ် ဆောက်ပစ္စည်း အရောင်းဆိုင်မှာ လူသုံးဦးက ဆိုင်ရှင်တွေကို ဓားနဲ့ထိုးကာ အနုကြမ်းစီးမှု ထပ်မံဖြစ်ပွားခဲ့တာပါ။

အနုကြမ်းစီးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာပေမယ့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

ရန်ကုန်မြို့နေပြည်သူ တစ်ဦးကတော့ အနုကြမ်းစီးမှုတွေ ပိုမိုများပြားလာတဲ့အတွက် ညဘက်နေအိမ်အပြင် မထွက်ရဲတော့သလို လမ်းသွားရင်လည်း ဖုန်းအပါအဝင် တန်းဖိုရှိ ပစ္စည်းတွေ မယူသွားရဲတော့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ခိုးဆိုးလုနှိုက်မှု တစ်စုံတစ်ရာဖြစ်လို့ မြို့နယ်ရဲစခန်းတွေကို သွားရောက်တိုင်ကြားပါကလည်း အရေးယူမှု တစ်စုံတစ်ရာ လုပ်ဆောင်ပေးတာ မရှိဘူးလို့လည်း သူက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကျပ်လုပ်ဆောင်နေတယ်ဆိုပေမယ့် သူတို့လုံခြုံ ရေး အတွက်သာ လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူလူထု လုံခြုံရေးအတွက် လုပ်ဆောင်ပေးနေတာ ဘာမှ မရှိဘူးလို့ ဒေသခံက ဆိုကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အမျိုးသားစာပေဆုရ စာရေး ဆရာ အငြိမ်းစားပညာရေးဝန်ထမ်း ဇနီး မောင်နှံကို သတ်ဖြတ်အနုကြမ်းစီးကာ ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ လုယက်မှု ဖြစ်စဉ် ဖြစ်ပွားထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှုများ များပြားလာနေပြီး ပြင်ပမှာ လုယက်ခံရရုံသာမကဘဲ နေအိမ်တွေအထဲအထိ ဝင်ရောက်လုယက်ခြင်း ခံနေရတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.