ဘန်ကောက်၊ နိုဝင်ဘာ (၄)

ခန့်မှန်းခြေတန်ဖိုး ၁.၈ ဘီလီယမ်တန်ဖိုးရှိတဲ့ မြန်မာသူဌေးကြီး ထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ မူးယစ်ကွန်ရက်နဲ့  ပတ်သက်မှုရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းနိုင်ငံရဲ့ မြို့ပြရဲတပ်ဖွဲ့ဗျူရို နဲ့  မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့မှ ချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့ရဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့လုပ် ဆောင်သွားဖို့လည်း ရှိနေတာပါ။

တရားရေးဝန်ကြီး ဆွမ်ဆက် ထပ်ဆူတင်ရဲ့ ပြောကြားချက်အရ ဦးထွန်းမင်းလတ်ရဲ့ အမှုဟာ အာဏာပိုင်တွေ က ၂၀၁၉ ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးနေတဲ့ အမှုနှစ်ခုအနက် တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြို့ပြရဲတပ်ဖွဲ့ဗျူရိုရဲ့ ဒုတိယအကြီးအကဲ ရဲတပ်ဖွဲ့ဗိုလ်ချုပ်မှူးကြီး နီတီဟွန် ဂျင်တာကန်ကွန် က အရာရှိတွေဟာ  မြန်မာသူဌေးကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုတွေကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံစုံစမ်းခဲ့တယ်လို့ ပြောပါတယ်။ 

မြို့ပြရဲတပ်ဖွဲ့အနေနဲ့ အခုအခါမှာ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားကြောင်း  အစီရင်ခံစာတစ်ရပ်ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗျူရိုထံသို့ ပေးပို့ထားပြီး အဲဒီလို သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုတွေ ထဲမှာ ငွေသားတွေ၊ ကားတွေနဲ့ ဇိမ်ခံပစ္စည်းတွေ၊ ဟိုတယ်နဲ့ အပန်းဖြေရိပ်သာတွေပါဝင်ပြီး ဘတ်ငွေ ၁.၈ ဘီလီယမ် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ဦးထွန်းမင်းလတ်ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလို့ မရနိုင်ပါက သူရဲ့ အခွန်ဆောင်မှုမှတ်တမ်းတွေနဲ့ အခြား လမ်းကြောင်းတွေက ရရှိတဲ့ ငွေတွေကို ပြန်လည်ဖော်ထုတ်သွားမယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အသက် ၅၃ နှစ်အရွယ် မြန်မာနိုင်ငံသား မူးယစ်ဆေးဝါးရောင်းသူ ဦးထွန်မင်းလတ်ကို စက်တင်ဘာလ အတွင်းမှာ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ အတူဖမ်းဆီးရမိခဲ့တာပါ။ 

သူဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး မြန်မာစစ်တပ်အတွက် လိုအပ်တဲ့ အရာများကို ဝယ်ယူပေးလျှက်ရှိသူဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အခုချိန်မှာတော့  ထွန်းမင်းလတ်ဟာ မူးယစ်ဆေးရောင်းဝယ်ဖေါက်ကားမှု၊ ငွေကြေးခဝါချမှုတွေနဲ့  တရားရင် ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ 

ဦးထွန်းမင်းလတ်နဲ့ အတူ ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကလည်း ဖမ်းဝရမ်းထဲမှာ အမည်ပါဝင်သူတွေ ဖြစ်နေတာပါ။ 

ထိုင်းတရားရေးဝန်ကြီး မစ္စတာ ဆွမ်ဆက်က ဝန်ကြီးဌာနအနေနဲ့ ချိတ်ပိတ်သိမ်းဆည်းမိတဲ့  ဦးထွန်းမင်းလတ် ရဲ့ ပိုင်ဆိုင်မှုတွေအနက်မှ ၂၅ ရာခိုင်နှုန်းကို ရဲတပ်ဖွဲ့ကို ဆုချီးမြှင့်မှာဖြစ်ပြီး နောက်ထပ် ၅ ရာခိုင်နှုန်းကိုမူ သူဌေးကြီးအား ဖမ်းဆီးနိုင်ရေးအတွက် ပါဝင်ခဲ့တဲ့ သတင်းပေးတွေကို ချီးမြှင့်ပေးသွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

Ref: Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.