မော်လမြိုင်- နိုဝင်ဘာ(၄)
အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးက ပြည်သူပိုင်နေအိမ် အလုံး(၁၅၅၀) ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတင်မဟုတ်ဘဲ ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကိုင်း၊မကွေး၊ချင်း၊မွန်၊ရှမ်း၊ရခိုင်၊ပဲခူးနဲ့ တနင်္သာရီတိုင်း ထဲက ပြည်သူတွေရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။
စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံရမှုမှာ စစ်ကိုင်းတိုင်းက နေအိမ် (၁၀၄၄) လုံးနဲ့ အများဆုံးဖြစ်နေပြီး မကွေးတိုင်းက (၄၇၀) လုံးနဲ့ ဒုတိယနေရာမှာ ရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရတဲ့အကြိမ်ရေ (၅၃) ကြိမ်မှာ မီးလောင်ပျက်စီးခဲ့တဲ့နေအိမ် (၁၀၄၄)လုံး မီးရှို့သတ်ဖြတ်ခံရသူ(၁၃)ဦး မကွေးတိုင်းမှာ မီးရှို့ခံရတဲ့အကြိမ်ရေ (၂၀) ကြိမ်မှာ မီးလောင်ပျက်စီး ခဲ့တဲ့နေအိမ်(၄၇၀)လုံးနဲ့ မီးရှို့သတ်ဖြတ်ခံရသူ (၄) ဦးရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်မှာ မီးရှို့ခံရတဲ့အကြိမ်ရေ(၁) ကြိမ် မီးလောင်ပျက်စီးတဲ့နေအိမ်(၇)လုံး၊ ရခိုင်ပြည်နယ်မှာ မီးရှို့ခံရတဲ့အကြိမ်ရေ(၂) ကြိမ် မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်(၃)လုံး၊ မန္တလေး တိုင်းမှာ မီးရှို့ခံရတဲ့ အကြိမ်ရေ(၂) ကြိမ် မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ် (၁၆)လုံး၊ ပဲခူးတိုင်းမှာ မီးရှို့ခံရတဲ့ အကြိမ်ရေ(၁) ကြိမ် မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်(၂)လုံး၊ မွန်ပြည်နယ်မှာ မီးရှို့ခံရတဲ့ အကြိမ်ရေ(၁) ကြိမ် မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်(၆)လုံး၊တနင်္သာရီတိုင်းမှာ မီးရှို့ခံရတဲ့အကြိမ်ရေ (၁) ကြိမ်မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်(၂)လုံး၊ ကရင်ပြည်နယ်မှာ မီးရှို့ခံရတဲ့ အကြိမ်ရေ (၁) ကြိမ် မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်(၁) လုံးနဲ့ ရှမ်းပြည်နယ်မှာ မီးရှို့ခံရတဲ့ အကြိမ်ရေ (၁) ကြိမ် မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ် (၂) လုံးရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ထားတဲ့ အချက်အလက်တွေထက် မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်