သံဖြူဇရပ်၊ အောက်တိုဘာ (၂၇)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နဲ့သိမ်ဇရပ်မြို့အနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်းတွေ ၂ ကြိမ် တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်က သံဖြူဇရပ်ဘက်နေ ရေးဘက်ကို ဆင်းလာတဲ့ ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဝဲခမိကျေးရွာနဲ့ ရွာသာအေးကျေးရွာကြားမှာ မွန်ပြည်နယ် တောင်ညိုပြောက်ကျားအဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက် လက်စုံစမ်းနေတယ်လို့ မွန်ပြည်နယ် တောင်ညိုပြောက်ကျားအဖွဲ့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၃ နာရီလောက်မှာလည်း သိမ်ဇရပ်မြို့၊ စစ်တောင်စက္ကူစက်ရုံအနီး ဗိုလ်ချုပ်ကြေးရုပ်နားမှာ ကား ၃ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KLNA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်တွေကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မွန်ပြည်နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီ ဂိတ်စခန်း၊ စစ်ဆေးရေးနေရာတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်တန်းတွေ တိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.