မော်လမြိုင်၊ အောက်တိုဘာ (၂၅)

ကမ္ဘာ့ငွေကြေး ခဝါချမှု စောင့်ကြည့်ရေး အဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးနောက် ပြည်တွင်းမှာ စားအုန်းဆီ ဈေးနှုန်း ချက်ချင်း မြင့်တက်လာတယ်လို့ စားအုန်းဆီလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စားအုန်းဆီတွေဟာ အရင်ဒေါ်လာဈေး မြင့်တက်စဉ်က ဈေးနှုန်း အမြင့်ပိုင်းမှာ ရှိရာကနေ အနည်းငယ် ပြန်လည် ကျဆင်းခဲ့ပေမယ့် ကမ္ဘာ့ငွေကြေး ခဝါချမှု စောင့်ကြည့်ရေး အဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်း ထည့်သွင်းပြီးနောက် ချက်ချင်း ဆိုသလို ပြန်လည် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

စားအုန်းဆီ ဈေးနှုန်းဟာ အမည်ပျက်စာရင်း ထည့်သွင်းမခံရမီ တစ်ပိဿာကို ကျပ်(၆၅၀၀) ဝန်းကျင်လောက်သာ ရှိရာကနေ အောက်တိုဘာ (၂၄)ရက်နေ့မှာတော့ တစ်ပိဿာ ကျပ်(၉၅၀၀)ကျော်ထိ ဈေး နှုန်း ခုန်တက်တက်သွားခဲ့တာပါ။

စားအုန်းဆီဈေးနှုန်း မြင့်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စားအုန်းဆီ လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဆီက (၆၅၀၀)ကနေ မနေ့က (၈၀၀၀)ထိ တက်လာတယ်။ ဒီမနက်တော့ (၉၅၀၀) ဖြစ်သွားတယ်။ တချို့ဆိုင်တွေက ဒီနေ့ ဒေပါဝါလီနေ့မို့ ထင်တယ်။ ပိတ်ထားကြတယ် ပေါ့လေ။ (၉၀၀၀)နဲ့ ရောင်းတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ ချက်ချင် ခုန်တက်သွားတော့ တော်တော်လေးတောင် အံ့ဩမိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စားအုန်းဆီဈေးနှုန်တွေဟာ ဈေးကွအတွင်း တည်ငြိမ်မှု မရှိသလို အချိန်နဲ့အမျှ ပြောင်းလဲ နေတာကြောင့် ဈေးနှုန်း အတိအကျ သတ်မှတ် ဖွင့်ဖို့ အခက်ကြုံနေရတယ်လို့ စားအုန်းဆီးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စားအုန်းဆီ ဈေးနှုန်း မြင့်တက်လာရတာဟာ ကမ္ဘာ့ငွေကြေး ခဝါချမှု စောင့်ကြည့်ရေး အဖွဲ့ အမည်ပျက် စာရင်း ထည့်သွင်းပြီးနောက် ဒေါ်လာဈေး ကစားတာအပြင် အလုအယက် ဝယ်ယူနေတာကြောင့် ဖြစ်တယ်လို့ စားအုန်းဆီ ရောင်းချ နေသူ တစ်ဦးက ပြောပါတယ်။

“ဆီဈေးက ဘာကြောင့် တက်သွားလည်း ဆိုတော့ ပြီးခဲ့တဲ့ ရက်က မြန်မာနိုင်ငံကို Black List စာရင်း အသွင်းခံရတယ်လည်း ဆိုရော ဒီဒေါ်လာ ဈေးကွက်မှာ ဈေးကစားတာတွေ ရှိတယ်။ မနက်ပိုင်း ဆိုလိုရှိရင် ဈေးတွေထဲမှာ အလုအယက် ဝယ်နေကြတော့ ဆီဈေးက အဲ့ဒီ အချိန်မှာ ပြန်ပြီးတော့ ထိုးတက်သွားတာ။ ဆီးဈေးက ရှေ့ဆက်တက်ဖို့တော့ လမ်းကတော့ သိပ်တော့ မမြင်ဘူး၊ ဒါခဏ ကောလာဟလ သတင်းတွေကြောင့် ဒါမျိုး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာလောက်ပဲ ရှိတာပေါ့”လို့ ဆိုပါတယ်။

စားသုံဆီးဈေးနှုန်း ပြန်လည် မြင့်တက်လာတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ် အေးနေသလို မှာယူတင်သွင်းမှု ယာယီရပ်နားတာတွေ ရှိလာခဲ့တာပါ။

စားအုန်းဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းမသိမ်းခင် တစ်ပိဿာကို ကျပ်(၂၄၀၀) ဝန်းကျင်သာ ရှိခဲ့ရာကနေ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်ပိဿာ ကျပ်(၁၀၀၀၀) ဝန်းကျင်ထိ မြင့်တက်ခဲ့သလို ဈေး နှုန်း မတည်ငြိမ်မှုတွေလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စားအုန်းဆီတွေကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တို့မှ အဓိက တင်သွင်း ရောင်းချ နေတာ ဖြစ်ပြီး ပြည်တွင်း ထွက်ရှိတဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနဲ့ တခြား အသီးအနှံထွက် ဆီတွေကိုတော့ အနည်းငယ် ရောင်းချမှုသာ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.