ရန်ကုန် – အောက်တိုဘာ(၂၀)

ရန်ကုန်တိုင်း အင်စိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထောင်တွင်း အထူးတရားရုံးနဲ့ ပြင်ပ တရားရုံးတွေမှာ စစ်ဆေးရမယ့် အမှုတွေကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တယ်လို့ တရားရေး အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြင်ပ တရားရုံးတွေမှာ စစ်ဆေးနေတဲ့ တရားမမှုတွေနဲ့ အာမခံရရှိထားတဲ့ အမှုတွေကိုတော့ ပုံမှန် အတိုင်းဆက်လက်စစ်ဆေးမှာ ဖြစ်ပြီး ထောင်တွင်းဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုသာ ထောင်ပြင်ထုတ်ပြီး စစ်ဆေးရမယ့် အမှုတွေကို ရပ်နားထားတာဖြစ်တယ်လို့ သိရပါတယ်။

“အထူးတရားရုံးနဲ့ အပြင်ရုံးထုတ်တွေ ပိတ်လိုက်တာပါ။ ဘယ်လောက်ဖြစ်မလဲဆိုတော့တော့ သေချာမသိရသေးဘူး။ သူတို့ပြောတာတော့ ရက်အကန့်အသတ်မရှိပိတ်တာလို့ပြောတယ်။ ကျန်တာကိုတော့ စောင့်ကြည့်ရမှာပေါ့” လို့ ဖမ်းဆီးခံထားရသူတွေကို လိုက်ပါကူညီဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီက အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ထောင်ဝင်စာနဲ့ ပါဆယ်ပေးပို့မှုတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက (၁၉) ရက်နေ့ မနက်ပိုင်းက အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာ ပါဆယ်ပို့တဲ့နေရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တဲ့အတွက် အကျဉ်းထောင်ဝန်ထမ်း(၃) ဦးအပြင် ထောင်ဝင်စာ လာပို့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Special Task Agency of Burma – STA အဖွဲ့က ပြုလုပ်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် အဲ့ဒီအဖွဲ့ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုတာတွေရှိနေပါတယ်။

Special Task Agency of Burma – STA အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက တစ်ဖွဲ့လုံးနီးပါး အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ထားပြီး သံလွင်တိုင်းမ် အနေနဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ(၁၅၉၀၁) ဦးရှိလာပြီဖြစ်ပြီး ပြန်လည်လွတ်မြောက်လာ သူ(၃၁၇၉) ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(အင်းစိန်ထောင်ပါက်ကွဲမှုဖြစ်ပြီး မြင်ကွင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.