အစုအဖွဲ့ အားလုံးနဲ့ တွေ့ဆုံဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ထုတ်ပြန်

မော်လမြိုင်၊ အောက်တိုဘာ (၁၆)

တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ဖို့ မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း စစ်ခေါင်းဆောင်ထံ အကြံပြုတိုက်တွန်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ပါတယ်။မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

အဲဒီတွေ့ဆုံမှုမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်သလို အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနြ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်စေလိုကြောင်း စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်း ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေဖို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးနဲ့တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း အကြုံပြုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ဆိုထားပါတယ်။

မွန်ပြည်သစ်ပါတီကနေ အကြံပြုတိုက်တွန်းထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လိုမျိုးတုံ့ပြန်ခဲ့လဲဆိုတာ သိရှိနိုင်ဖို့ သံလွင်တိုင်းမ်က မွန်ပြည်သစ်ပါတီတာဝန်ရှိသူထံ ၁၀ ကြိမ်ထက်မနည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ သုံးရက်တာ ဆွေးနွေးမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဇယား (၁) ပြည်ထောင်စုစာရင်းပြုစာရင်းနဲ့ ဇယား (၂) တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်း စတဲ့အချက်တွေ ပါဝင်ပါတယ်လို့ ဆိုထားပါတယ်။

တဆက်တည်း (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်အလိုက်အကောင်အထည်ဖော်မှုတွေ (ဇယား -၂) နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁၊၂၊၃) တို့ပါ သဘောတူညီမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ၊ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဆွေးနွေးချက်တွေထဲမှာ မွန်ပြည်သစ်ပါတီက မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်းဆွေးနွေးပြီး မိမိတို့ ပါတီတွင်း အသေးစိတ်ဆွေးနွေးပြင်ဆင်ဖို့ လိုအပ်နေတဲ့အတွက် နောင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်အများစု ကန့်ကွက်နေတဲ့ကြား အာဏာသိမ်း စစ်ကောင်စီနဲ့ ဒုတိယအကြိမ် သွားရောက် တွေ့ဆုံခဲ့တာပါ။

မွန်ပြည်သစ်ပါတီကတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်စေတဲ့ အကြောင်းတရားဟာ နိုင်ငံရေးပြဿနာကြောင့်သာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ လျှောက်လှမ်းလာခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.